DVB Logo
Home
မြန်မာသတင်း
မူဝါဒအပြောင်းအလဲကြောင့် တနိုင်ငံလုံး ဆေးဝါးပြတ်လပ်ပြီး ဈေးတက်
DVB
·
September 5, 2024
မူဝါဒအပြောင်းအလဲကြောင့် တနိုင်ငံလုံး ဆေးဝါးပြတ်လပ်ပြီး ဈေးတက်
Donate to DVB

စစ်ကောင်စီက ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲ ကြေညာလိုက်ပြီးနောက် မြန်မာပြည် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်တာတွေနဲ့ ဈေးတက်တာတွေ ဖြစ်ပေါ်နေပါတယ်။

ဩဂုတ် ၂၈ ရက်က စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနကနေ ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲ ထုတ်ပြန်လာပြီးတဲ့နောက် ဆေးဈေးကွက်အတွင်းမှာ ဆေးတွေ ဝယ်မရတာ၊ ဈေးတွေ တက်လာတာကြောင့် မဖြစ်မနေ ဝယ်သုံးရတဲ့ ရောဂါဖြစ်ပွားသူ ဆေးဝယ်ယူသုံးစွဲနေကြသူတွေမှာ အခက်အခဲ ဖြစ်နေကြရတာပါ။

ဒီအခြေအနေကို ရန်ကုန်ဆေးရုံကြီးမှာ ဆေးလာရောက်ကုသနေသူ အသည်းဝေဒနာရှင်တ‌ယောက်က “ဈေးနှုန်းအပြောင်းလဲကတော့ မသိသေးဘူး။ အခုက ဒါ ရှာတာ မတွေ့ဘူး၊ လိုက်ရှာရဦးမယ်။ ကျနော်က အသည်းထိထားတာလေ။ အဲဒါကြောင့်မို့။ ကျနော်က အဲဒီအသည်းဆေးနဲ့ပဲ အသက်ရှင်နေရတာ။ ကျနော်က အသည်းခြောက်နေတယ်လေ။ အဲဒါကြောင့်မို့” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကစပြီး ပို့ကုန်ရငွေပြနိုင်မှပဲ ဆေးဝါးသွင်းကုန်လိုင်စင်တွေကို ခွင့်ပြုပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ၂၀၂၄ ဩဂုတ်အထိ လျှောက်ထားတဲ့ ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာတွေကို ကုန်သွယ်ရေးဦးစီးဌာနရဲ့ စနစ်အတွင်းကနေ ပယ်ဖျက်သွားမယ်လို့  ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပန်းတနော်မြို့နယ်ကနေ  ရန်ကုန်ဆေးရုံကြီးမှာ ရင်ကျပ်ရောဂါလာကုသူ အသက် ၆၅ နှစ်အရွယ် လူနာအတွက် ရှူဆေးဝယ်ယူရမှာ အရင်တုန်းက ကျပ် ၂၀,၀၀၀ ကျော်ပေးရပေမဲ့ အခုအခါ ကျပ် ၇၀,၀၀၀ အထိ ပေးရပြီး  ကြိုတင်စုံစမ်းလာပေမဲ့ ဆေးကတော့ ရှာမရသေးဘူးလို့ လူနာရှင်က ပြောပါတယ်။

“မရဘူး ပစ္စည်းပြတ်နေတယ်တဲ့ ရှူဆေး။ ရင်ကျပ်လို့ ရှူတဲ့ဆေး။ ဆေးဆိုင်တွေမှာ ဆေးဈေးနှုန်းတွေ အခြေအနေက အချိန်နဲ့အမျှ ဈေးပြောင်းနေပြီး တနေ့ကို အနည်းဆုံး ၃ ကြိမ်အထိ ဈေးနှုန်းတွေက တကြိမ်ပြီးတကြိမ် တက်လာနေတယ်။”

လသာမြို့နယ်က ရွှေတိဂုံဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ ဆေးအရောင်းဆိုင်တဆိုင်က “ပြောင်းတာတော့ ပြောင်းတယ်။ အချိန်နဲ့အမျှ ပြောင်းနေတာပဲ။ တရက်ကို နှစ်ခါ၊ သုံးခါ အနည်းဆုံး ပြောင်းနေတယ်” လို့ ပြောပါတယ်။

လတ်တလော ဆေးလက်ကားဆိုင်ကြီးတွေမှာတော့ ကုမ္ပဏီချဆေးတွေ ဝင်နေတာရှိသလို မရတဲ့ ဆေးတွေလည်း ရှိလာပါတယ်။

ဒီအခြေအနေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့်လည်း ပါသလို လိုင်စင်မူဝါဒ အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကမ်းနားလမ်းက ဝါရင့်ဆေးဆိုင်ကြီးတဆိုင်က သုံးသပ်ပါတယ်။

“ဘာတွေဖြစ်နေလဲဆိုတော့ ကုမ္ပဏီတွေကတော့ လောလောဆယ် ရှိတဲ့ဟာကတော့ ရောင်းနေတာပေါ့။ မရှိတဲ့အခါကျတော့လည်း သူတို့ဆီမှာ ဘယ်လို အခက်အခဲရှိနေလဲ မသိဘူး။ တခါကျရင် ကုမ္ပဏီ MD တို့နဲ့ တိုက်ရိုက်ပြောရတာ မဟုတ်ဘူး။ တခါတလေကျရင် အရောင်းဝန်ထမ်းတွေ ရှိတယ်၊ သူတို့ ပြောသလောက်ပဲ သိရတာ။ အော်ဒါလှမ်းမှာရင် သူတို့ ပစ္စည်းရှိရင် ပို့ပေးတယ်။ မရှိရင် ဘယ်တော့လောက် ရောက်မလဲ မသိဘူး။ တချို့ကျတော့လည်း ရက်အတိအကျ ပြောနိုင်တယ်။ တချို့ကျတော့လည်း ကုန်ကြမ်းပြတ်တာလည်း ရှိမယ်။ ကြားထဲမှာ လမ်းခရီးအခက်အခဲကြောင့် ဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမဲ့ သူတို့ သွင်းကုန်လိုင်စင်မကျလို့လည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့လည်း သူတို့အခက်အခဲနဲ့သူတို့ သွားနေတဲ့သူတွေက အများကြီးပဲ။”

ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့က မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစင်တာမှာ ၂ လနီးပါး ကျင်းပခဲ့တဲ့ ဆေးနဲ့ဆေးပစ္စည်း ရောင်းချပွဲကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ပါတယ်။

ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း လျှောက်ထားခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၃ ဒသမ ၈၂၂ တန်ဖိုးရှိ ဆေးဝါးသွင်းကုန် လိုင်စင် လျှောက်လွှာတင်တဲ့ ကုမ္ပဏီ ၁၁၆ ခုကနေ စောင်ရေ ၇၁၆ စောင်ကို အားဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းက စိစစ်ပြီးချိန်မှာ လျှောက်လွှာအသစ်အဖြစ် ပြောင်းလဲပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်းအဝေးက ခွင့်ပြုမှသာ ဆေးဝါးသွင်းကုန်လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။

လတ်တလော ဆေးဝါးသွင်းကုန်လိုင်စင်မူဝါဒ အပြောင်းအလဲကြောင့် ရန်ကုန်မြို့မှာ ဆေးတွေ ပိုပြီး ဝယ်ရခက်လာသလို ဈေးတွေကလည်း တနေ့ကို အနည်းဆုံး ၃ ကြိမ် ပုံမှန် မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013