DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့ တိုက်ခိုက်နေ
DVB
·
September 4, 2024
အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့ တိုက်ခိုက်နေ
Donate to DVB

သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က စစ်တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် အနန်းကွင်းစစ်ဗျူဟာကို ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတယ်လို့  မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၂၅ ရက်က စတင်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ၊ သံဖြူ ဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာနဲ့  တပ်ရင်းတပ်စခန်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ် ၂၉ ရက် မနက်ပိုင်းက ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခမရ ၅၈၃၊ ခမရ ၅၈၇ ပူးပေါင်းပြီး အင်အား ၁၀၀ လောက်ဟာ အနန်းကွင်းစစ်ဗျူဟာကို အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ KNLA ပူးပေါင်းစစ်ကြောင်းတွေက ကြားဖြတ် တိုက်ခိုက်ခဲ့ ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာပြီး ကျန်ရှိတဲ့ အင်အား ၇၀ လောက်ဟာ အနန်းကွင်းစစ်ဗျူဟာမှာ ပူးပေါင်းခဲ့ပါတယ်။ ထိခိုက်ကျဆုံးမှု နည်းသထက်နည်းအောင် ချိန်းဆပြီး နေ့တိုင်းလိုလိုတိုက်ခိုက်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“လောလောဆယ်သူတို့ကို ဗျူဟာဝင်းထဲကို အကုန်လုံး မောင်းထဲ့တာပဲရှိသေးတယ်။ ပြောရဆိုရင်  ရွာတွေမှာ ဖြန့်ပြီးနေထားတော့ ကျနော်တို့က ပြန်စုပြီးတော့  တဖြေးဖြေးချင်း ဗျူဟာထဲကို မောင်းသွင်းတာ။  အခုက သူတို့ နောက်ထပ်ရောက်လာတဲ့ လူတွေလည်း ပိတ်မိနေတယ်။ လက်နက်ကြီးနဲ့ လေယာဉ်ကတော့ အဆက်မပြတ် သုံးတယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှု နည်းသထက်နည်းအောင် ချိန်းဆပြီးတော့ နေ့တိုင်းလိုလိုတိုက်ခိုက်နေတယ်။”

စစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် အနီးအနားက ကျေးရွာတွေအတွင်းကို ကျရောက်ပြီး ဒေသခံတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြန့်ကျဲနေတဲ့ စစ်ရှောင်ပြည်သူတွေကို  နေရာတခုမှာ စစ်ရှောင်စခန်းသတ်မှတ်ပြီးပေးထားရင် နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် အများကြီးအဆင်ပြေနိုင်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတဦးက “စစ်ရှောင်တွေက လိုအပ်ချက်အများကြီးရှိတယ်။ စစ်ရှောင်ဆိုပြီး စုပြီးတော့မနေကြတာတခုပဲ။ သူတို့တွေက ပြန့်ကျဲနေတာ။ ပြန့်ကျဲတဲ့နေရာမှာ အခက်အခဲပေါင်းစုံရှိတယ်။ စစ်ရှောင်စခန်းတခုရှိတယ်ဆိုရင် အလှူရှင်က ပေါ်လာလိမ့်မယ်။ သူတို့အတွက် အလှူရှင်တွေက ဆန်ပေးမယ်။ ဆီပေးမယ်။ ဆေးဝါးကုသမှုအတွက်ကို ပရဟိတဆရာဝန်တွေရှိမယ်ဆိုရင် အများကြီး အဆင်ပြေတယ်”လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မိုးကာလ ရာသီတုပ်ကွေးနဲ့ ဖျားနားတာတွေရှိပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ ဒေသခံပြည်သူ ၁၂ သိန်း ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013