DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် Starlink အင်တာနက် အခမဲ့အသုံးပြုခွင့်ပြုထားဟု  TNLA ပြော
DVB
·
September 4, 2024
မိုးကုတ်တွင် Starlink အင်တာနက် အခမဲ့အသုံးပြုခွင့်ပြုထားဟု  TNLA ပြော
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ Starlink အင်တာနက်ကို ငွေကြေးမတောင်းခံဘဲ အခမဲ့အသုံးပြုခွင့်ပေးထားတယ်လို့  တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။

စစ်ကောင်စီက မိုးကုတ်မြို့ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားပေမဲ့ TNLA အနေနဲ့ Starlink ဂြိုဟ်တုအင်တာနက်ရရှိအောင်ဆောင်ရွက်ကာ အခခဲ့ အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ငွေကြေးတောင်းခံပြီး တနာရီကို ကျပ် ၅၀၀၀ ကောက်ခံကာ အင်တာနက်အသုံးပြုဖို့ လုပ်ဆောင်နေကြတဲ့အပေါ်မိုးကုတ်မြို့ခံတွေက ဝေဖန်နေကြတဲ့အတွက် ဒီလို လုပ်ဆောင်နေတာဟာ TNLA နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ TNLA သတင်းနှင့် ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

“လူထုကလည်း ကိုယ်ပိုင်ဝယ်ယူပြီး အခကြေးငွေ ဖြည့်ပေးသုံးတာမျိုးရှိပါတယ်။ ကျမတို့ဌာနတွေမှာတော့ Starlink ၂ လုံးရှိပါတယ်။ အရှေ့ခြမ်းမှာတလုံး၊ အနောက်ခြမ်းမှာ တလုံးပါ။ PSLF/TNLA ရုံးထိုင်တဲ့နေရာတွေမှာ ကျမတို့  အင်တာနက်ကို Free ပေးထားပါတယ်။”

မိုးကုတ်မြို့မှာ ပြည်သူတချို့က Starlink ဝယ်ယူကာ တနာရီကို ကျပ် ၅၀၀၀ နှုန်းနဲ့ အင်တာနက် အသုံးပြုခွင့်ရရှိအောင် ပြုလုပ်ထားတဲ့အပေါ် ဝေဖန်မှုတွေရှိသလို တခြားဒေသနဲ့ အဆက်အသွယ်ရတဲ့အတွက် ထောက်ခံမှုတွေလည်းရှိတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်အရှေ့ခြမ်းက မြို့ခံတဦးက “ကျမတို့အနေနဲ့ကတော့ ဝေဖန်စရာမရှိပါဘူး။ မိသားစုတွေနဲ့ အဆက်အသွယ်ရတာနဲ့တင်တန်ပါတယ်။ လုပ်ထားပေးတဲ့သူကလည်း သူတို့အတွက်စက်ဖိုး၊ လစဉ်ကြေးက မနည်းဘူး။ ဒီလိုလုပ်တာကလည်း အဝေးရောက်မြို့သူ၊ မြို့သားတွေရဲ့ မတည်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့လုပ်ဆောင်ပေးထားတာပါ။ တချို့ကတော့ ဝေဖန်ကြတာ ပေါ့”လို့  ပြောပါတယ်။

မိုးကုတ်မြို့မှာ အင်တာနက်အပြင် ဆက်သွယ်ရေးတွေကောင်းမွန်စေဖို့ ဖုန်းလိုင်းတွေကိုလည်း ပြင်ဆင်နေပြီး အင်တာနက်အသုံးပြုလို့ရတဲ့ဖုန်းလိုင်းတွေမရရှိသေးခင်အချိန်မှာ CDMA ဖုန်းလိုင်းတွေရရှိစေဖို့ ပြင်ဆင်ဆောင်ရွက်ပြီး တခြားဖုန်းလိုင်းတွေ ကောင်းမွန်စေ ဖို့ဆက်လက်လုပ်သွားမယ်လို့  TNLA ထံက သိရပါတယ်။

မိုးကုတ်မြို့ကို TNLA နဲ့ ပူပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လမှာအပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013