DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကဒတ်ဥပင် ဆေးဖက်ဝင်
DVB
·
September 4, 2024
နွေဦးပြည်သူတို့အတွက် ကဒတ်ဥပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ ‌နွေဦးပြည်သူတို့အတွက် ကဒတ်ဥပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကဒတ်ပင်ကို သိပ္ပံလို Dioscorea polystachya လို့ခေါ်ပြီး အင်္ဂလိပ်လို Chinese yam,  cinnamon-vine လို့ ခေါ်ကြပါတယ်။

ကဒတ်ဥမှာ ကစီဓာတ်, ဗီတာမင် B1, ဗီတာမင် C, potassium, phosphorus, calcium, magnesium, manganese, သံ၊ သွပ်၊ ကြေးနီ စတဲ့ သတ္တုဓာတ်တွေအပြင် Diosgenin နဲ့ DO စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဆီးချိုရောဂါကို တိုက်ဖျက်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှု သက်သာစေခြင်း၊ ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါ တိုက်ဖျက်ရေးနဲ့ အမျိုးသမီးကျန်းမာရေးနဲ့ မျိုးပွားမှုကို အထောက်အကူပြုခြင်း၊ ဉာဏ်ရည်၊ ကိုယ်ခံစွမ်းအားနဲ့ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အစာခြေကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ကဒတ်ရွက်မှာ ဗီတာမင် B, သံဓာတ်၊ ဇင့်၊ ပရိုတင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ကယ်လ်စီယမ်တို့ ပါဝင်ကာ အာဟာရဓာတ် ပိုမိုကြွယ်ဝပြီး ၎င်းတို့သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ မျက်စိအမြင်အာရုံကို မြှင့်တင်ပေးခြင်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်များ ပါဝင်ပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကဒတ်ဥပင်ရဲ့ ဥအမြစ်၊ အရွက်နဲ့ အသီးတို့ကို သုံးစွဲကြပါတယ်။

ကဒတ်ဥမှာပါဝင်တဲ့ Diosgenin က မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်မှုနဲ့ မှတ်ဉာဏ်အမှတ်အသား များကို မြှင့်တင်ပေးကာ ဦးနှောက်လုပ်ဆောင်ချက်ကို ပြုပြင်ပေးပြီး အယ်လ်ဇိုင်းမားရောဂါကို သက်သာစေပါတယ်။

ကဒတ်မှာပါဝင်တဲ့ polysaccharides များက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့အပြင် Diosgenin က အင်ဆူလင် အာရုံခံနိုင်စွမ်းကို တိုးလာစေတာကြောင့် ဆီးချိုရောဂါ ဝေဒနာရှင်များ ကဒတ်ဥကို အသင့်အတင့် စားသောက်ပေးတာက ကောင်းမွန်တဲ့ အထောက်အကူ ဖြစ်စေပါတယ်။

ကဒတ်ဥဟာ ပရိုဂျက်စတီရုန်းနဲ့ အီစထရိုဂျင်အဆင့်ကို တိုးစေနိုင်တဲ့အတွက် ကဒတ်ဥ စားသောက်ခြင်းက အမျိုးသမီးမျိုးပွားနိုင်စွမ်းကို တိုးမြှင့်စေတဲ့အပြင် ရာသီလာစဥ် ကိုက်ခဲနာကျင်ခြင်းနဲ့ သွေးဆုံးခြင်းဆိုင်ရာ လက္ခဏာများကို လျှော့ချပေးပါတယ်။

ကဒတ်ဥနဲ့ ကဒတ်ဥရဲ့ အဆီအနှစ်တွေက အစာခြေစနစ်မှာ ကျန်းမာတဲ့ ဘက်တီးရီးယားတွေ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ကဒတ်ဥ စားသုံးခြင်းက အကျိုးပြု Lactobacillus ဘက်တီးရီးယားကို တိုးပွားစေပြီး အစာအိမ်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ကဒတ်ဥမှာ diosgenin နဲ့ mucilage များ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်ကို တိုးမြင့်စေပြီး ကူးစက်ရောဂါ တိုက်ဖျက်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် Mucilage ဟာ အရေပြားကို ပျော့ပျောင်းစေတဲ့ အစွမ်းရှိတာကြောင့် ကဒတ်ဥကို ခြစ်ပြီး အကျိအချွဲများကို အဖုများနဲ့ မီးလောင်ဒဏ်ရာများ၊ ဒဏ်ရာများ၊ ခြစ်ရာများမှာ သုတ်လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

ကင်းကိုက်ခြင်းနဲ့ ကင်းမြီးကောက်တုပ်ခြင်းအတွက် အရွက်ကို ထုထောင်း ကြိတ်ချေပြီး ဒဏ်ရာပေါ်မှာ ကပ်ထားပေးနိုင်ပါတယ်။ သွေးစုနာများနဲ့ ပြည်တည်နာများမှာ ကဒတ်ဥကို ပါးပါးလှီးပြီး ကပ်ပေးနိုင်ပါတယ်။

ကျောက်ကပ်ရောင်ရမ်းခြင်း အပါအဝင် ဆီးနဲ့ ကျောက်ကပ်ရောဂါများအတွက် ကဒတ်ဥပြုတ်ရည်ကို တခါသောက် ဖန်ခွက် ၁ ခွက်စာ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကဒတ်ဥ စားသုံးခြင်းက အမျိုးသားရော အမျိုးသမီးပါ စွမ်းအင်နဲ့ လိင်ဆန္ဒကို တိုးစေတဲ့အပြင် အရိုးအားနည်းခြင်းနဲ့ မျိုးမပွားနိုင်ခြင်းတို့အတွက်လည်း အကျိုးရှိစေပါတယ်။

လိပ်ခေါင်းသွေးယိုခြင်းအတွက် ကဒတ်ဥကို အတုံးသေးသေးလေးများဖြတ်ပြီး နေရောင်အောက်မှာ အခြောက်ခံကာ အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီဇွန်း ၂ ဇွန်းကို တနေ့ ၂ ကြိမ် ရေနဲ့ သောက်ပေးနိုင်ပါတယ်။

အစာစားချင်စိတ်မရှိခြင်း၊ နာတာရှည်ဝမ်းလျှောခြင်း၊ ပန်းနာရင်ကျပ်၊ ချောင်းခြောက်ဆိုးခြင်း တို့အတွက် အသီးပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ခန့်ကို ပျားရည် အနည်းငယ်ထည့်ပြီး  တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းနာကျင် ကိုက်ခဲခြင်းများမှာ ကဒတ်ဥပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် ‌သောက်ပေးပြီး အရွက်ကို မီးကင်ကာ ကပ်ထားပေးနိုင်ပါတယ်။

ကဒတ်ဥမှာပါဝင်တဲ့ ဗီတာမင်အေက အမြင်အာရုံကို ကောင်းမွန်စေပြီး ပိုတက်ဆီယမ်က သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်ရာမှာ ကူညီ‌ပေးတဲ့အပြင် ကြေးနီဓာတ် ပါဝင်တဲ့အတွက် သွေးနီဥထုတ်လုပ်ရာမှာ ကူညီ‌ပေးပါတယ်။ ကဒတ်ဥစားသောက်ခြင်းက ခံတွင်းနဲ့ အဆုတ်ကင်ဆာတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ကဒတ်ဥကို အသင့်အတင့် စားသောက်တာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

estrogen ထုတ်လုပ်မှုကို တိုးစေနိုင်တာကြောင့် အက်စထရိုဂျင် အာနိသင် လျှော့ချလိုသူများ ကဒတ်ဥကို ရှောင်ကြဥ်ပါ။ ကဒတ်ဥနဲ့ ဓာတ်မတည့်သူများလည်း ကဒတ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ ကဒတ်ဥ/ကဒတ်ပင်ရဲ့ ဆေးဖက်ဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသား ဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013