DVB Logo
Home
မြန်မာသတင်း
လိုင်ဇာတွင် KIO က ဘတ်စ်ကား စတင်ပြေးဆွဲ
DVB
·
September 4, 2024
လိုင်ဇာတွင် KIO က ဘတ်စ်ကား စတင်ပြေးဆွဲ
Donate to DVB

KIO/KIA ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးဝန်းကျင်မှာ လူထုဝန်ဆောင်မှုအဖြစ် KIO အစိုးရက စက်တင်ဘာ ၂ ရက်ကစပြီး ဘတ်စ်ကား စတင်ပြေးဆွဲနေပြီလို့ KIO သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လိုင်ဇာဒေသခံ အမျိုးသားတယောက်က “တနေ့က ၉ လပိုင်း ၂ ရက်နေ့ကစပြီး ဟိုဘက် ဝိုင်းမော်ဘက် ဂါးရာယန်အထိ၊ ဗန်းမော်ဘက်ခြမ်းက ကုန်းလောအထိ ဘတ်စ်လိုင်းဆွဲနေပြီ။ KIO အစိုးရက ဦးစီးလုပ်ဆောင်တာ” လို့ ပြောပါတယ်။

လိုင်ဇာအဝင် ဂေါက်သီးရိုက် သင်တန်းပေးတဲ့ နေရာနားမှာ ဘတ်စ်ကားဂိတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဒေသခံ အမျိုးသမီးတယောက်ကလည်း ပြောပါတယ်။

“ဘတ်စ်ကားစီးမယ့်သူတွေက ဂေါက်ရိုက်သင်တန်းပေးတဲ့ နေရာနားမှာ လာစီးရမယ်။ နောက်နှစ်ဆိုရင် မိုင်ဂျာယန်အထိ ပြေးဆွဲမယ်လို့ သိရတယ်။ ပြည်သူလူထုတွေ အသွားအလာ ဘယ်သူမဆို ခက်ခဲနေလို့ KIO အစိုးရကနေ လုပ်ပေးတာ။”

လိုင်ဇာအနီးဝန်းကျင်မှာတော့ ဓာတ်ဆီဈေး တလီတာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်ထိ ဈေးရှိနေပြီး ဆိုင်ကယ်ဆို မတတ်နိုင်တော့တာကြောင့် ဘက်ထရီဆိုင်ကယ် ဝယ်ရတယ်၊ လိုင်ဇာနဲ့ ဒေါ့ဖုန်းယန်ကို ဆိုင်ကယ်နဲ့သွားရင်တောင် အသွားအပြန် ဆိုင်ကယ်ဆီဖိုးတင် အနည်းဆုံး ကျပ် ၄၀,၀၀၀ လောက်ကုန်တယ်လို့ ဒေသခံက ပြောပါတယ်။

KIO ဘက်ကတော့ လိုင်ဇာအနီးတဝိုက် ပြည်သူလူထု သွားလာရေး စရိတ်သက်သာစေဖို့ ရည်ရွယ်ပြီး ဘတ်စ်ကားနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် စက်တင်ဘာ ၂ ရက်မှာ စတင်ဆောင်ရွက်မှာ ဖြစ်ကြောင်း အစိုးရ၊ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ လိုင်ဇာအုပ်ချုပ်ရေးရုံးက ဩဂုတ် ၃၀ ရက်မှာ အသိပေး ကြေညာထားပါတယ်။

မုန်လိုင်ခက်တံတားအနီး ဂေါက်ရိုက်လေ့ကျင့်ရာနေရာမှာ ဘတ်စ်ဂိတ်အဖြစ် သတ်မှတ်ပြီး ဘတ်စ်ကားခက လိုင်ဇာ-ဒေါ့ဖုန်းယန် ကျပ် ၂,၅၀၀၊ လိုင်ဇာ-မြို့သစ် (ဗန်းမော်အနီး) ကျပ် ၅,၀၀၀၊ လိုင်ဇာ-ကန်တော်ယန် ကျပ် ၂,၅၀၀၊ လိုင်ဇာ-ဂါးရာယန် (ဝိုင်းမော်ဘက်) ကျပ် ၅,၀၀၀ သတ်မှတ်ထားပါတယ်။

လူတနိုင်စာ ပေါ့ပါးပစ္စည်းကို တန်ဆာခ မကောက်ခံဘဲ ဆန်၊ စပါး၊ ပဲ၊ ကြက်သွန်၊ နှမ်း၊ ချင်း(ဂျင်း)၊ အာလူး စတဲ့ကုန်ပစ္စည်းတွေကိုတော့ တအိတ် ကျပ် ၂,၀၀၀ နှုန်း၊ ဆီလို အရည်ဖြစ်တဲ့ ကုန်တွေကို ၂၅ လီတာပုံး တပုံးကို ကျပ် ၁,၀၀၀ နှုန်း၊ ဟင်းသီးဟင်းရွက် တအိတ် ကျပ် ၅၀၀ နှုန်း သတ်မှတ်ထားပါတယ်။

မနက် ၇ နာရီခွဲမှာ ဂါးရာယန်ဘက်ကနေ ဘတ်စ်ကားထွက်ခွာမှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဒေါ့ဖုန်းယန်၊ မြို့သစ်ဘက် ဘတ်စ်ကားထွက်ခွာမှာဖြစ်ကြောင်း၊ ကားခနှုန်းထား သက်သာပြီး ဖြစ်တာကြောင့် ဝန်ထမ်းအားလုံးလည်း ကားခပေးဆောင်ဖို့ အိမ်တိုင်ရာရောက် လာကြို/ပို့ လုပ်မှာမဟုတ်ကြောင်း၊ သတ်မှတ်ထားတဲ့နေရာ လာရောက်စီးဖို့၊ ဘတ်စ်ကားပေါ် ဆေးလိပ်မသောက်ဖို့၊ အနံ့ပြင်းတဲ့ ကုန်ပစ္စည်း ကားပေါ်မတင်ဖို့၊ ကားပေါ်ကနေ ဆင်းပါက ပစ္စည်းမကျန်ဖို့ ခရီးသွားပြည်သူတွေကို အသိပေးထားပါတယ်။

အခုနှစ် မတ်လကစ ဗန်းမော်-မြစ်ကြီးနား လမ်းတကြော နေရာတွေ အပါအဝင် လွယ်ဂျယ်၊ မိုးမောက်၊ ကံပိုင်တည်၊ ဝိုင်းမော်မြို့နယ်က နေရာတချို့ကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013