DVB Logo
Home
မြန်မာသတင်း
ရွှေအရောင်းအဝယ်အပေါ် အခွန် ၃ ရာခိုင်နှုန်း စစ်ကောင်စီက တိုးမြှင့်ကောက်ခံမည်
DVB
·
August 30, 2024
ရွှေအရောင်းအဝယ်အပေါ် အခွန် ၃ ရာခိုင်နှုန်း စစ်ကောင်စီက တိုးမြှင့်ကောက်ခံမည်
Donate to DVB

ရွှေရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်  ၃ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့  စစ်ကောင်စီက ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ပြင်ဆင်ချက်ထဲမှာ ထည့်သွင်းလိုက်ပါတယ်။

အရင်က  ရွှေထည်ဝယ်ယူသူတွေထံကနေ ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်းပဲ ကောက်ခံဖို့  ပြဋ္ဌာန်းထားတာဖြစ်ပြီး ရွှေတုံးအရောင်းအဝယ်အပေါ်မှာတော့ အခွန်ကောက်ခံခြင်းမရှိခဲ့ဘဲ အခု အခါမှာ ရွှေအထည်တွေအပြင် ရွှေအတုံတွေ အပေါ်မှာပါ ကုန်သွယ်လုပ်ငန်းခွန်  ၃ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို ရွှေဝယ်ယူမှုတွေအပေါ် အခွန်တိုးမြင့်ကောက်ခံဖို့ စီမံတာက ဈေးကွက်ပျက်နေတဲ့ ပြည်တွင်း ရွှေဈေးကွက်ကို ပိုဆိုးရွားသွားစေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ရွှေလုပ်ငန်းရှင် တဦးက “ အရင်က ဆိုရင် ၁၆ ပဲရည် အတုံးအခဲဆိုရင် မပေးရဘူး။ ကုန်သွယ်ခွန်က ၀ ရာခိုင်နှုန်းပဲ။ အထည် လက်ဝတ်ရတနာတွေက ၁ ရာခိုင်နှုန်းဆိုတော့ တော်တော် သက်သာတယ်၊ အဆင်ပြေတယ်ပေါ့။ အခုက ၃ ရာခိုင်နှုန်း တန်းတူ သတ်မှတ်မှာ။ လုပ်ရကိုင်ရ ပိုခက်သွားပါလိမ့်မယ်။ ရောင်းရဝယ်ရလည်းခက်သွားမယ်။ ဝယ်တဲ့သူလည်း နည်းသွားလိမ့်မယ်။ မှောင်ခိုတွေလည်း ပေါ်လာပါလိမ့်မယ်” လို့ သုံးသပ်ပါတယ်။

ကုန်သွယ်လုပ်ငန်းခွန် ဆိုတာက ကုန်စည်ထုတ်လုပ်ရောင်းချသူ၊ ကုန်သွယ်မှုဆောင်ရွက်သူ၊  ကုန်စည် တင်သွင်း ရောင်းချသူ၊ ဝန်ဆောင်မှုဆောင်ရွက်သူတို့က ကုန်စည် ဝယ်ယူသူ၊ ဝန်ဆောင်မှု ရယူသူတွေ ထံကနေ ကျသင့်တန်ဖိုးနဲ့ အတူ ကုန်သွယ်လုပ်ငန်းခွန်ကို တပါတည်း ကောက်ခံပြီး ပေးဆောင်ရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင် တဦးက “ပစ္စည်းဝယ်မယ့်သူဆီကနေ ၁၀ သိန်းဖိုး ဝယ်ရင် ၃ သောင်း၊ သိန်း ၁၀၀ ဖိုးဝယ်ရင် ၃ သိန်း အခွန်ကောက်ရမှာပေါ့။ အဲဒီတော့ ဝယ်တဲ့သူကလည်း ဘယ်ဝယ်ချင်ပါတော့မလဲ။  ဒါမှမဟုတ်ရင်လည်း မပေးနိုင်ဘူး။ ဒီအတိုင်းပဲ ဘောင်ချာမဖွင့်ဘဲ ဝယ်မယ်တို့ ဖြစ်လာမှာပေါ့။  နှစ်ဦး သဘောတူ ဘောင်ချာမဖွင့်ဘဲ မှောင်ခိုလမ်းကြောင်းဘက်ကို ရောက်သွားကြမယ်”လို့  သုံးသပ်ပါတယ်။

စကစရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ “ ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နဲ့ ရွှေထည်လက်ဝတ် ရတနာတွေ ရောင်းခြင်းမှ ရောင်းရငွေအပေါ်တွင် လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း ၃ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမယ် လို့  ထည့်သွင်းထားပါတယ်။

ဒါ့အပြင် “ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေကို ပြည်တွင်းမှာ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှ တင်သွင်းစဉ်က ပေးဆောင်ခဲ့ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်းမှာ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့ တင်ပို့စဉ် ပေးဆောင်ရတဲ့ ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရလို့လည်း ဒီဥပဒေအသစ်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒီဥပဒေကို စစ်ကောင်စီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းတာဖြစ်တယ်လို့ ဆိုထားပြီး ဒီ ဥပဒေက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၈ ရက်က စပြီး ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရွှေဈေးကွက်အပေါ် ထိန်းချုပ်မှုတွေ   ဆက်တိုက်ပြုလုပ်လာတာကြောင့်  တရားဝင်အရောင်းအဝယ် နည်းပါးပြီး မှောင်ခို အရောင်းအဝယ်သာ အနည်းအကျဉ်း ရှိနေတာပါ။

စစ်ကောင်စီဩဇာခံ ရန်ကုန်ရွှေအသင်းက  ပြည်တွင်းရွှေဈေးကို စစ်ကောင်စီ သတ်မှတ်ပေးတဲ့ ဒေါ်လာဈေးနဲ့ တွက်ချက် သတ်မှတ်ပြီး  အရောင်းအဝယ်လုပ်စေပေမဲ့ ပြင်ပရွှေဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ဈေး နဲ့ပဲ အရောင်းအဝယ် လုပ်နေကြပါတယ်။

ဒီကနေ့မှာတော့ ရွှေအသင်းက ရွှေတကျပ်သားကို ကျပ် သိန်း ၅၀  တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဒေါ်လာဈေးကျနေပေမဲ့ ကမ္ဘာ့ရွှေဈေးမှာ ရွှေဈေးတက်နေတာကြောင့် တိုးမြှင့် သတ်မှတ်လိုက် တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013