DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာနှင့် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
August 27, 2024
အနန်းကွင်းစစ်ဗျူဟာနှင့် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်
Donate to DVB

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာနဲ့  တပ်ရင်းတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါ တယ်။

ဩဂုတ် ၂၅ ရက်က စတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာနဲ့  တပ်ရင်းတပ်စခန်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေ စောင့်ကြည့်ပျံသန်းတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာနဲ့ တပ်ရင်းတွေကို အဖွဲ့ပေါင်းစုံနဲ့ ထိုးစစ်ဆင်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)တပ်ရင်းထဲကို လက်နက်ကြီး တောက်လျှောက် ပစ်ထည့်နေတာ ရှိတယ်။ အနန်းကွင်းဗျူဟာကို တိုက်နေဆဲ။ အခုက တပ်ရင်းတွေကို အပြီးကျုံးနေတယ်။ တပ်မဟာ ၆ မှာရှိတဲ့ အဖွဲ့ပေါင်းစုံ မွန်လည်းပါတယ်။ အကုန်လုံးက လုပ်နေကြတာ။ တပ်ရင်းစခန်းတွေကိုပါ အကုန်လုံး ဝင်လုံးနေတာ။ လက်နက်ကြီးကတော့ တောက်လျှောက်သုံးနေတယ်။ လေကြောင်းက လာဝဲတာလောက်ပဲ ရှိသေးတယ်။”

စစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် အနီးအနားက ကျေးရွာတွေအတွင်းကို ကျရောက်ပြီး ဒေသခံတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဒါ့အပြင် ဩဂုတ် ၁၉ ရက်ကလည်း ကော့ကမာကျေးရွာဘက်ကို စစ်ကောင်စီတပ်က တောင်ကလေးကျေးရွာကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ စတဲ့အနီးအနားကျေးရွာက ရာနဲ့ချီတဲ့ ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

မိုးတွင်းကာလဖြစ်တာကြောင့် နေထိုင်မကောင်းတာ၊ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာတွေကြောင့်  စစ်ရှောင်တွေဟာ အခြေအနေဆိုးတယ်လို့ စစ်ရှောင် အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတဦးက “အခုကလည်း မိုးတွင်းလဲ ဖြစ်တဲ့အခါကျတော့  ငှက်ဖျားတို့ တုပ်ကွေးတို့  ရာသီဖျားတွေကလည်း ဆက်တိုက်လာနေတာဆိုတော့ အဲဒါတွေက သူတို့အတွက် စိုးရိမ်စရာရှိတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ သွားလို့လည်းမရ လာလို့လည်းမရ၊ အဲဒီကလူတွေအတွက်က တော်တော်‌လေးကို အခြေအနေဆိုးတယ်”လို့ ပြော ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးတွေရှိရာနဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် စားသောက်ရေးအပြင် အမိုးအကာနဲ့ နေထိုင်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့  စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ 

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၄ ခု ဇွန်အထိ ဒေသခံပြည်သူ ၁၂ သိန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013