DVB Logo
Home
မြန်မာသတင်း
တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံးနှင့်  ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခံရ
DVB
·
August 27, 2024
တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံးနှင့်  ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်ကို သြဂုတ် ၂၆ ရက်၊ ညနေ ၃ နာရီ၀န်းကျင်မှာ ရှော့တိုက်ဒုံးတွေအပါအ၀င် အသေခံဒရုန်း (Kamikaze Drone) တွေနဲ့ပါ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင် အမှတ် ၂၊ တပ်ရင်း ၃၅၀၂ ဆီကနေ သိရပါတယ်။

တောင်ငူခရိုင် အမှတ် ၂၊ တပ်ရင်း ၃၅၀၂ ရဲ့ တာ၀န်ခံတဦးက “ဒီတိုက်ခိုက်မှုအတွင်းမှာ လေတပ်အတွင်းက ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေမဲ့ လေတပ်ထဲက ဗိုလ်မှူးကြီးအဆင့် ၁ ဦး၊ ဗိုလ်ကြီးအဆင့် ၁ ဦးတို့နဲ့ အခြားအဆင့် ၅ ဦးထက်မနည်းသေဆုံးတယ်။ ၂၀ ကျော် ဒဏ်ရာရတယ်လို့ တပ်တွင်းသတင်းပေးတွေကတဆင့် သတင်းပို့လာပါတယ်”လို့ DVB ကို ပြောပါတယ်။

တောင်ငူလေတပ်စခန်းဌာနချုပ်တိုက်ခိုက်မှုကို  တောင်ပိုင်းစစ်ဒေသ JOC ရဲ့ ညွှန်ကြားမှုအပြင် အမှတ် ၂  စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုတွေနဲ့ Rain of Fire အမည်နဲ့ စစ်ဆင်ရေးတရပ်အဖြစ် ဆောင်ရွက်ခဲ့တာလို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကလည်း သြဂုတ် ၂၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်းပါ၀င်ခဲ့တဲ့ တပ်ရင်း ၃၅၀၂ ရဲ့ စစ်ဆင်ရေးတာ၀န်ခံ တဦးက“တိုက်ခိုက်မှုကို 114 မမ ရှော့တိုက်ဒုံးတွေအပြင် အသေခံဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခဲ့တဲ့ အရေအတွက်ပမာဏကို နောက်မှ ထုတ်ပြန်ပေးပါလိမ့်မယ်။ အခုတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အားလုံးလည်း လုံခြုံတဲ့နေရာကို ပြန်ရောက်ကြလို့ အားလုံးစိတ်ချရပါပြီ” လို့ ပြောပါတယ်။

အဆိုပါ Rain of Fire စစ်ဆင်ရေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်တိုင်းဌာနနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် အမှတ်၂ တပ်ရင်း ၃၅၀၂၊ စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝေါနည်းပညာအဖွဲ့၊ တပ်မဟာ ၂ KNLA တပ်ရင်း ၅၊ တပ်မဟာ ၂ အထူးတပ်ရင်းနဲ့ KLOUD Drone Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ငူလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ် ပြန်ပြောဆိုလာတာ မတွေ့ရသေးသလို စစ်ကောင်စီတပ်က အရာရှိ စစ်သည်တွေ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဩဂုတ် ၂၀ ရက် ညပိုင်းကလည်းတောင်ငူလေတပ်စခန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ နဲ့ပစ်ခတ်ခဲ့လို့ လေတပ်အရာရှိ ၂ ဦးသေဆုံးကာ တခြားအဆင့် ၆ ဦးကတော့ အပြင်းအထန်ဒဏ်ရာတွေ ရရှိခဲ့​ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013