DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားသုံးဆီခွဲတမ်းဖြင့်ရောင်းရန်  အိမ်ထောင်စုစာရင်း ကောက်ယူနေ
DVB
·
August 27, 2024
ဧရာဝတီတိုင်းတွင် စားသုံးဆီခွဲတမ်းဖြင့်ရောင်းရန်  အိမ်ထောင်စုစာရင်း ကောက်ယူနေ
Donate to DVB

ဧရာဝတီတိုင်းမှာ စားသုံးဆီကို ခွဲတမ်းနဲ့ အိမ်ထောင်စုတွေကို ရောင်းချပေးမယ်ဆိုပြီး စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဆီစာအုပ်လုပ်ဖို့ အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သြဂုတ် ၂၄ ရက်က စတင်ပြီး နေအိမ်တွေကို လိုက်လံအသိပေးကာ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူနေသလို ရပ်ကွက်ရုံးမှာ လာရောက်လုပ်ဖို့လည်း လိုက်လံအသိပေးနေတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်မှာ နေထိုင်သူတယောက်က “ရာအိမ်မှူးက ဆီစာအုပ်လုပ်ဖို့ဆိုပြီး တအိမ်ဝင်တအိမ်ထွက် စာရင်းလိုက်ကောက်နေတာ။ အိမ်ထောင်ဦးစီးနာမည်နဲ့ မှတ်ပုံတင်နံပါတ်၊ အိမ်ရှိလူဦးရေ လာကောက်သွားတာ။ ဆီစာအုပ်ဖို့ဆိုပြီးပဲ ပြောကောက်သွားတာ”လို့ ပြောပါတယ်။

လက်ရှိမှာ ဆီစာအုပ်ပြုလုပ်ဖို့ အိမ်ထောင်စုစာရင်းသာ ကောက်ယူနေပြီး ရောင်းချပေးမဲ့ ဆီပမာဏကိုတော့ အသိပေးပြောတာမရှိကြောင်း၊ ဘယ်လိုပုံစံ ရောင်းချပေးမယ် ဆိုတာကိုလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းဒေသခံတယောက်က “ဆီစာအုပ်လာလုပ်ကြဖို့ အုပ်ချုပ်ရေးမှူးအိမ်ကိုသွားဖို့ လိုက်အော်ခဲ့တာ။ ဆီစာအုပ်လုပ်ဖို့အတွက် ဧည့်စာရင်းမိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ ပြရမယ်။ ဆီဘယ်လောက် ပေးမှာလဲ၊ ငွေဘယ်လောက်နဲ့ ဝယ်ရမှာလဲ၊ ဘယ်နေ့ စရောင်းပေးမှာလဲ ဘာညာမသိဘူး။ သူတို့ကလည်း မပြောဘူး” လို့ ပြောပါတယ်။

စားအုန်းဆီကို ပြည်ပကနေ တင်သွင်းမှု လျှော့ချပြီးနောက် စားဆီလိုအပ်ချက် အရင်ထက် ပိုမြင့်တက်လာပြီး ဈေးနှုန်းကလည်း နေရာဒေသလိုက်ပြီး တပိဿာကို ၂၀,၀၀၀ ကျပ်အထိ ရှိလာတဲ့အပြင် ဆီဝယ်ယူရခက်တာ၊ ဆီပြတ်လပ်တာတွေ ရှိလာတာကို ဖြေရှင်းဖို့ ခုလိုလုပ်လာတာ ဖြစ်နိုင်တယ်လို့ စားသုံးသူတွေနဲ့ ဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက ချမှတ်စီစဉ်နေတဲ့ ဆီစာအုပ်လုပ်ပြီး ဆီရောင်းချပေးမယ့်စနစ်ဟာ အရင် စစ်အာဏာရှင်အဆက်ဆက် လက်ထက်က ကျင့်သုံးခဲ့တဲ့ သမဝါယမစနစ်ပုံစံ ဖြစ်နေတာကြောင့် ကောင်းမွန်တဲ့စနစ် မဟုတ်ဘူးလို့ သမဝါယမစနစ်ကို မီခဲ့သူတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ စားသုံးဆီတပိဿာ ကျပ် ၂၀,၀၀၀ အထိ ဈေးပေါက်နေပြီး ဆီလိုသလောက်မရဘဲ တခြားကုန်ပစ္စည်း ၁၅,၀၀၀ ကျပ်ဖိုး ဝယ်ယူမှ ဆီ ၅၀ သား ရောင်းပေးတဲ့စနစ်နဲ့ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013