
လေးမျက်နှာမြို့နယ်က ကျိုးနေတဲ့တာကို မပြင်နိုင်သေးတဲ့အတွက် ဧရာဝတီတိုင်းအတွင်း မြို့နယ် ၁၀ ခုမှာ ရက်ပေါင်း ၂၀ နီးပါးအထိ ရေကြီးရေလျှံမှုတွေ ဆက်လက် ဆိုးရွားနေပါတယ်။
ဧရာဝတီတိုင်းထဲက ငဝန်မြစ်ရေ မြင့်တက်မှုနဲ့အတူ လေးမျက်နှာမြို့နယ် မြစ်ကျိုးအင်း သဲကြောကနေ ရေဖောက်ဝင်တာတွေကြောင့် ရေကြီးရေလျှံမှုဟာ သြဂုတ် ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ ပိုဆိုးရွားလာနေပါတယ်။
ဒေသခံတွေကို ဩဂုတ် ၁၉ ရက်က DVB ရဲ့မေးမြန်းချက်အရ လေးမျက်နှာ၊ ငါးသိုင်းချောင်းနဲ့ ကျောင်းကုန်းဘက်တွေမှာ ရေမျက်နှာပြင်မြင့်တက်လာနေပြီး ကြံခင်း၊ ဇလွန်၊ မြန်အောင်၊ သာပေါင်း၊ ကျုံပျော်၊ မအူပင်နဲ့ ဟင်္သာတ စတဲ့မြို့နယ် ၁၀ ခုက ကျေးရွာအချို့တွေမှာ အခြေအနေတွေ ဆိုးနေတယ်လို့ ဆိုပါတယ်။
အိုင်သပြုဘက် ကယ်ဆယ်ရေးလုပ်နေသူတယောက်က “ရေကတော့ တိုးတာတော့ မှန်တယ်။ ခမောက်စု ဆိုရင် လွန်ခဲ့တဲ့ လေး ငါးရက်လောက်က စပြီးတော့ ကားလုံးဝဖြတ်လို့မရတော့ဘူး။ ဘာကားမှကို ဖြတ်မရတော့တာ။ နောက် အခု ကျုံပျော်တို့၊ ဘာတို့ဘက်မှာလည်း အဲဒီလိုပဲ ဒီဘက်ကို လာဖို့အတွက် ရေဖြတ်လို့မရတော့ဘူး။ ရေတိုးတာတော့ အဲဒီလိုအခြေအနေရှိတယ်ပေါ့“ လို့ ပြောပါတယ်။
မိုးများပြီး ရေစီးသန်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပြီး ဟင်္သာတမြို့နယ် ခမောက်စုလမ်းပိုင်းမှာ ကားတွေ သွားလာလို့ မရတော့သလို၊ ရေကြည်မြို့နယ် ဇရပ်လှ ရထားလမ်းပိုင်းမှာဆိုရင် သံလမ်းအပေါ်ကို ၆ ပေလောက်အထိ ရေကျော်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပုသိမ်-မုံရွာ လမ်းပိုင်းအချို့မှာလည်း ရေကျော်နေသလို ရေကြည်မြို့အဝင် ရွှေကျောင်းကုန်းတံတားမှာ ရေစီးအားသန်နေလို့ သွားလာဖို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
စစ်တပ်ဘက်က တာကျိုးပေါက်တာကို ဖာထေးဖို့ ကြိုးစားနေတယ်လို့ ဆိုပေမဲ့ ရက်ပေါင်း ၂၀ ကြာတဲ့အထိ ရေထိုးဖောက် စီးဆင်းနေမှုကို မထိန်းချုပ်နိုင်သေးပါဘူး။
ဒါကြောင့် ငါးသိုင်းချောင်း အိုင်သပြုဘက်တွေမှာ ကယ်ဆယ်ရေးအတွေ့အကြုံရှိပြီး ရေကူးကျွမ်းတဲ့ ကယ်ဆယ်ရေးသမားတွေ လိုအပ်နေသလို အကူအညီ မရောက်သေးတဲ့ ကျေးရွာတွေ ကျန်နေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်နေသူတယောက်က “ဟိုးဘက် ရေသိုး(ကျေးရွာ)တို့ဘက်တွေက အရမ်းဝေးတော့ အကူအညီကတော့ နည်းတယ်။ သူက အိုင်သပြုရဲ့ အရှေ့ဘက်အခြမ်းတွေပေါ့။ အရှေ့ဘက်အခြမ်းဆိုတော့ ပရဟိတ စက်လှေတွေကလည်း အနောက်ဘက်ခြမ်းမှာရှိနေတော့ ဒီကားလမ်းကို ရေကတအားစီးတော့ ကျော်ဖို့ခက်တော့ အရောက်နည်းတာပေါ့။ အနောက်ဘက်ခြမ်းရွာတွေထက်စာရင် အရောက်နည်းတယ်” လို့ ပြောပါတယ်။
ရက်ပေါင်း ၂၀ နီးပါး ရေမကျတဲ့အတွက် မိုးစပါးစိုက်ထားတဲ့ စပါးခင်းဧရိယာ သိန်းနဲ့ချီဟာလည်း ရေမြုပ်နေပြီး စိုက်ထားတဲ့ စပါးတွေ ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
စပါးခင်းတွေ ရေမြုပ်နေသလို အဲဒီ ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသမှာ ဆန်ဈေးနဲ့ စက်သုံးဆီဈေးတွေလည်း တက်နေပါတယ်။ ဈေးကွက်ထဲမှာ အရင်က ကျပ် ၇၀,၀၀၀ ရှိတဲ့ ဆန်တအိတ်က ကျပ် ၉၀,၀၀၀ ကျော်၊ အရင် ကျပ် ၉၀,၀၀၀ ကျော်ရှိတဲ့ ဆန်တအိတ်က ကျပ် ၁၃၀,၀၀၀ ကျော်အထိ ဈေးတက်လာတယ်လို့ သိရပါတယ်။
စက်သုံးဆီတွေကိုလည်း လိုသလောက်ဝယ်မရတဲ့ အခြေအနေမှာမို့ ကယ်ဆယ်ရေးပိုင်းတွေမှာလည်း အခက်တွေ့နေတယ်လို့ ဒေသခံတယောက်က ရှင်းပြပါတယ်။
“ကိုယ်က ဒေသခံဆိုတော့ ကူညီကယ်ဆယ်ရေးသမားတွေ၊ အလှူရှင်တွေက လမ်းကြောင်းပြဖို့ စက်လှေအငှား ခေါ်တယ် မလိုက်နိုင်ဘူး။ စက်သုံးဆီ အပိုမှမရှိတာ၊ ဒီဘက်မှာ ဘယ်ဆိုင်ဝယ်ဝယ် ၁၂,၀၀၀ နဲ့ အထက်မှာပဲ။ ရေမကြီးခင်ရက်က အခုလောက် မတက်ဘူး။ စက်သုံးဆီဈေးတွေ ကျစေချင်တာပေါ့။ များများဝယ်လည်း မရဘူး။”
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့မှာ လေးမျက်နှာ ရေဘေးအတွက်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ကျပ်ငွေ ၂၃ ဒသမ ၃၂၄ ဘီလီယံကျော်ကို လက်ခံရယူခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပြီး ပြန်ပြီး လှူဒါန်းထားတဲ့ငွေကတော့ ၁၉ သန်းကျော်သာ ရှိသေးတယ်လို့ သတင်းတွေအရ သိရပါတယ်။ ကျန်တဲ့ အလှူငွေတွေကို ဘယ်မှာ သုံးတယ်ဆိုတာလည်း စစ်အာဏာရှင် အစိုးရအဖွဲ့က ထုတ်ပြန်တာ မတွေ့သေးပါဘူး။
အလှူငွေ ဘီလီယံနဲ့ချီ ကောက်ခံရထားပေမဲ့ လက်တွေ့မှာတော့ ရေတာတမံ ကျိုးပေါက်မှုကို ရက် ၂၀ အထိ မပိတ်နိုင်သေးဘဲ စက်သုံးဆီဈေး မြင့်တက်နေကာ ကူညီကယ်ဆယ်ရေးနဲ့ ရေဘေးသင့်သူတွေ နေရာပြန်ချရေးအပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲပါ။











