
မြန်မာနှစ်သစ်ကူးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အကျဉ်းသား ၄,၅၀၀ ကျော်ကို လွှတ်ပေးတဲ့အပေါ် ကြိုဆိုတဲ့အကြောင်း ကနေဒါအစိုးရက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း ကနေဒါနိုင်ငံခြားရေးဌာနက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးရလဒ်ကို ဦးတည်တဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည်စတင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ကနေဒါအစိုးရဟာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရာထူးတွေကို ဆက်လက်အသိအမှတ်ပြု သုံးစွဲပြီး တရားဝင်ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကနေဒါသံရုံး ထုတ်ပြန်ချက်မှာတော့ ရာထူးတွေထည့်မထားဘဲ နာမည်တွေကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။
သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးတာကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဆက်လက်ဖမ်းဆီးခံထားရသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ယူကေ၊ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေကလည်း စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုတဲ့ ကြေညာချက်တွေ ပြီးခဲ့တဲ့ရက်က အသီးသီး ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကိုလည်း သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင် ပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အပါအဝင် အဖွဲ့အစည်း ၅၈ ဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးဖို့ Blue Shirt ကမ်ပိန်းပြုလုပ်ပြီး စုပေါင်း တောင်းဆိုထားပါတယ်။










