
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၄ ဦးသေဆုံး၊ ၂ဝ အရှင်ဖမ်းမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက သြဂုတ် ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ ၈၃ လက်အပါအ၀င် ကျည်မျိုးစုံ ၁၄၀၀၀ ကျော်၊ ဗုံးသီးမျိုးစုံ ၁၃၀ နီးပါး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ပါ၀င်ခဲ့တဲ့ အမှတ် ၁ စစ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာ၀န်ခံတဦးက “စစ်တပ်ဟာ မြေပြင်အင်အားတွေ အရမ်းနည်းပါးနေပြီး လေကြောင်းကနေပဲ အဓိကထား ခုခံနေရတယ်။ အဲဒီကြားကပဲ ကျနော်တို့တပ်ပေါင်းစုတွေ စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာပါ။ ပြည်သူတွေအားလုံး အားတင်းထားကြပါ။ ကျနော်တို့ အရောက်လာခဲ့ပါမယ်” လို့ DVB ကို ပြောပါတယ်။
သပိတ်ကျင်းမြို့က စစ်ကောင်စီတပ်စခန်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းနိုင်ဖို့အထိ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တကောင်းမြို့ပေါ်က ဒုဗိုလ်မှူးကြီး ရဲခေါင် နဲ့ ဗိုလ်မှူး မိုးသွင် ဦးစီး တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ ၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြို့နယ်မှူး) တို့တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ဆေးရုံနဲ့ ရဲစခန်းတွေကို ဩဂုတ် ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လေးမျက်နှာဘုရား စစ်ကောင်စီတပ်စခန်းကိုတော့ ဩဂုတ် ၁၂ ရက်မှာ ထပ်မံသိမ်းပိုက်ရရှိတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြို့နယ် ပကဖရဲ့ တာ၀န်ခံတဦးက “မြို့သိမ်းတိုက်ပွဲအတွင်းမှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က ရဲဘော် ၂ ဦးဟာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြပါတယ်။ စစ်အာဏာရှင်တိုက်ထုတ်ရေးမှာ ကျဆုံးခဲ့ရသူအပေါင်းကို ဂုဏ်ယူအလေးပြုနေပါတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကိုလည်း ဒေသခံပြည်သူတွေက အားပါးတရကြိုဆိုခဲ့ကြတာဟာ ကျွန်တော်တို့အတွက် အင်အားဖြစ်စေခဲ့ပါတယ်” လို့ ပြောပါတယ်။
တကောင်းမြို့ဟာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကြားမှာ တည်ရှိပြီး ဧရာ၀တီမြစ်ကမ်းဘေးက မြို့တမြို့ဖြစ်ကာ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၈၀၀၀ ကျော်နဲ့ ကျေးလက်နေလူဦးရေ ၂၇၀၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံးရဲ့ကွပ်ကဲမှုနဲ့ အထူးလှုပ်ရှား တပ်ရင်း ၃၊ အမှတ် ၅၁၁ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း ၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့ နဲ့ သပိတ်ကျင်းမြို့နယ် ပကဖ တို့က တကောင်းမြို့ကို ဩဂုတ် ၁၁ ရက် မနက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၂ ရက် ညနေမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။










