DVB Logo
Home
မြန်မာသတင်း
တကောင်း နီကယ်စီမံကိန်းကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီပြင်ဆင်
DVB
·
March 13, 2026
တကောင်း နီကယ်စီမံကိန်းကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီပြင်ဆင်
Donate to DVB

တကောင်းနီကယ်စီမံကိန်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီက ထီးချိုင့်နယ်၊ မောင်းကုန်းရွာဘက်ကို စစ်ကြောင်း ၂ ခုနဲ့ ဝင်ရောက်နေပါတယ်။ 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရှေးဟောင်းယဉ်ကျေးမှုဒေသ၊ တကောင်းမြို့ကို စစ်ကောင်စီက မတ် ၁၀ ရက်နေ့မှာ ပြန်ထိန်းချုပ်ခဲ့တာပါ။ အဲ့ဒီနောက်မှာ သပိတ်ကျင်းနယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်နယ်အပိုင်ထဲက တကောင်းနီကယ်စီမံကိန်းနဲ့ ဂရိတ်ဝေါသကြားစက်တို့ကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီက စစ်ကြောင်း ၂ ခုနဲ့မောင်းကုန်းရွာဘက်ကို ဦးတည်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မောင်းကုန်းဒေသခံတယောက်က “တကောင်းအခြေအနေကတော့ သူတို့ မနေ့ကညနေအထိတော့ အင်ပျံရွာခေါ်မှာပေါ့ လမ်းဘေးနေရာရောက်ပြီလို့ ပြောတယ်။ အင်ပျံဆိုတာက ကျောက်တလုံးရဲ့ အောက်ဘက်နားမှာ။ ကျောက်တလုံးရဲ့ဒီဘက်ထွက်ခဲ့ရင် အင်းနက်ရောက်ခဲ့မှာ။ တဖွဲ့ကတော့ မိုင်းဒိုင်းရွာဘက်ကို လှည့်ထိုးသွားတယ်၊ အဲ့ဒီဘက်မှာ ပျောက်နေတယ်လို့တော့ ကြားတယ်။ ဒီဘက်က အခုပြောတဲ့ အဖွဲ့တက်ခဲ့တာကတော့ လမ်းအတိုင်းထိုးတက်ခဲ့တာပါ။ ဟုတ်ပ တကောင်းတော့ ဒီဘက်ကိုတော်တော်ကျော်ခဲ့ပြီလေ” လို့ ပြောပါတယ်။

ထီးချိုင့်နယ် မောင်းကုန်းရွာအနီးမှာတည်ရှိတဲ့ တကောင်းနီကယ်စက်ရုံကို ၂၀၂၄ ခု ဇူလိုင်လကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်ခဲ့တာပါ။ လက်ရှိအချိန်အထိ တကောင်းနီကယ်စီမံကိန်းလုပ်ငန်း လည်ပတ်မှုတွေရပ်နားထားပြီး စီမံကိန်းအတွင်းမှာ ဝန်ထမ်းတချို့သာ ကျန်ရစ်ခဲ့ပါတယ်။ 

တကောင်းနီကယ်စီမံကိန်းမှာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction က အမေရိကန်ဒေါ်လာ ၈၅၅ သန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး အချိန် ၂ နှစ်နီးပါး လုပ်ငန်းမလည်ပတ်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီနဲ့ ဖက်စပ်ကုမ္ပဏီအတွက် နစ်နာမှုပမာဏ များပြားခဲ့ပါတယ်။

မောင်းကုန်းဒေသခံအမျိုးသမီးတယောက်က “အခုလောလောဆယ်တော့ အဲ့ဒီဝန်ထမ်းတွေကို လစာပေးထားတယ်လို့ ပြောတာပဲ နီကယ်ထဲကို စောင့်နေတဲ့ဟာတွေလေ၊ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာဌာနတွေ ဝန်ထမ်းတွေတော့ အဲ့ဒီအထဲမှာရှိသေးတယ်။ ဝန်ထမ်းတွေကလည်း ပြေးရမယ့် အနေအထားမှာရှိတယ်လို့ ပြောတယ်။ ခုလောလောဆယ်ဆယ်တော့ အဲဒီအထဲမှာရှိနေတုန်းပေါ့။ အဲဒီဟာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုကြတာလေ၊ နီကယ်ရော ဂရိတ်ဝေါလ်ရော၊ ခုလောလောဆယ်က တိုက်ပွဲကမဖြစ်သေးဘူး၊ တကောင်းထဲကို ပြန်ဝင်နေတဲ့သူက ပြန်ဝင်နေကြပြီ၊ တကောင်းထဲမှာ ရှင်းလင်းရေးလုပ်နေတယ်လို့လည်း ကြားတယ်။ မောင်းကုန်းကလူတွေကလည်း ရှောင်ခိုင်းထားတဲ့အတွက်ကြောင့်မို့ ရှောင်နေရတယ်။ တကောင်းသိမ်းလာပြီ စစ်ကြောင်းထိုးလာပြီဆိုတာနဲ့ မောင်းကုန်းကလူတွေ ရှောင်ခိုင်းထားလိုက်တာ။ တကောင်းနဲ့တစပ်တည်း မသိမ်းခင်နဲ့ သိမ်းပြီးစပ်ကြားမှာ လေကြောင်းတွေကလည်း အဆက်မပြတ် လေယာဉ်တွေကြဲနေတာ။ အသေအကျေတွေလည်းရှိတယ်၊ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယေ။ ထိတယ် တော်တော်ထိတယ်၊ ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုတွေပေါ့” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မတ် ၁၀ ရက်နေ့မှာ လက်လွှတ်ခဲ့ရပြီးနောက် မန္တလေးတိုင်းတခုလုံးကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မန္တလေးမြို့အထက်ပိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေကို စစ်ကောင်စီကဖိအားပေးနေနိုင်ပေမဲ့ မြို့အောက်ဘက်ခြမ်း မကွေးတိုင်းနယ်စပ် နွာထိုးကြီး၊ မြင်းခြံနယ်တွေမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေ ဆက်လက်အားကောင်းနေပါတယ်။

မြ င်းခြံခရိုင်တပ်ရင်း ၉ မှ ဗိုလ်မိုက်ခဲက “လောလောဆယ်ကတော့ စစ်ရေးကမငြိမ်ဘူးဗျ၊ အဓိက ကတော့ ဒီအချိန်တော့ စစ်ကတော့ ပူနေတာပေါ့၊ စစ်ပူနေတယ် တပ်တိုင်းတပ်တိုင်းမှာ အခက်အခဲတွေရှိတယ်၊ ဗျာများနေတဲ့အချိန်ကာလပေါ့။ သို့သော် တော်လှန်ရေးသမားကို သတ်ချင်သတ်လို့ရမယ် တော်လှန်ရေးကို သတ်လို့မရဘူး။ တော်လှန်ချင်တဲ့သူကို သတ်ချင်သတ်လို့ရမယ်၊ တော်လှန်ချင်စိတ်ကို သတ်လို့မရဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရှေ့ဆက်သွားမှာ၊ မြင်းခြံမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း အားတင်းထားပါ။ အဆိုးနဲ့အကောင်းနဲ့က ဒွန်တွဲနေတာပါ။ မကြာခင်အချိန်မှာ အကောင်းဆုံးတွေပြန်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မန္တလေးတိုင်းထဲက မြို့အားလုံးကို ပြန်လက်လွှတ်ခဲ့ရပေမဲ့ စစ်ကောင်စီက မြို့နယ်တခုချင်းစီကို ထိန်းချုပ်နိုင်တာ၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာ၊ စိတ်ကြိုက်စီမံခန့်ခွဲနိုင်တာမျိုးတော့မဟုတ်ဘူးလို့ ဒေသခံနိုင်ငံရေးသမားတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ 

စစ်ကောင်စီက မန္တလေး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းအပါအဝင် ဒေသတွင်းလမ်းပိုင်းတွေကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေပေမဲ့ သူတို့မျှော်မှန်းထားသလို ဖြစ်မလာသေးပါဘူး။ 

၂၀၂၅ ခု နိုဝင်ဘာလကုန်ပိုင်းမှာ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်ထဲက ပြန်လွှဲယူနိုင်ခဲ့ပေမဲ့ မြို့ပတ်ခြာလည်ကနေ PDF တွေရဲ့ ဖိအားပေးမှုကို စစ်ကောင်စီဟာ ဆက်တိုက်ကြုံတွေ့နေရပါတယ်။ 

သုတချမ်းသာ

Photo : Myanmar CNICO 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013