DVB Logo
Home
နိုင်ငံတကာ
ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇဝတ်မှုအတွက် တောင်းပန်ရန် ဂျပန်တပ်ဖွဲ့ဝင်ဟောင်း တရုတ် ရောက်ရှိ
DVB
·
August 14, 2024
ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇဝတ်မှုအတွက် တောင်းပန်ရန် ဂျပန်တပ်ဖွဲ့ဝင်ဟောင်း တရုတ် ရောက်ရှိ
Donate to DVB

ဂျပန် ပိုးမွှားစစ်ဆင်ရေးတပ်ဖွဲ့ ယူနစ် ၇၃၁ လူငယ်တပ်ဖွဲ့ဝင်ဟောင်း ဟိဒဲအို ရှိမိဇုဟာ ဒုတိယကမ္ဘာစစ်အတွင်းက သူတို့ရဲ့ယူနစ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သက်သေပြဖို့နဲ့ ထိခိုက်နစ်နာရသူတွေကို တောင်းပန်ဖို့အတွက် တနင်္လာနေ့ညနေပိုင်းက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ် ဟာပင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

သူဟာ အင်္ဂါနေ့မှာ ဂျပန်အင်ပါယာစစ်တပ် ယူနစ် ၇၃၁ မှ ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားပြပွဲခန်းမနဲ့ ယူနစ် ၇၃၁ တပ်ဖွဲ့ရဲ့ နေရာဟောင်းကို သွားရောက်ဖို့ မျှော်လင့်ထားပါတယ်။

အသက် ၉၄ နှစ်ရှိ ရှိမိဇုဟာ တရုတ်နိုင်ငံ ဟာပင်မြို့ကို ဂျပန်ကနေ စေလွှတ်လိုက်တဲ့ ယူနစ် ၇၃၁ လူငယ်တပ်ဖွဲ့ရဲ့ နောက်ဆုံးအသုတ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး သူတို့ယူနစ်ဟာ ရောဂါပိုးမွှားတွေကို မွေးမြူခြင်း၊ လူ့ကိုယ်ခန္ဓာကို ခွဲစိတ်ဖြတ်တောက်ခြင်းနဲ့ လူသားစမ်းသပ်မှုတွေ ပြုလုပ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာကို ၄ လကျော်ကြာ မျက်မြင်တွေ့ရှိခဲ့ရကြောင်းကို ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

သူ့အသက် ၁၄ နှစ်အရွယ် ၁၉၄၅ ခုနှစ် မတ်လမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံခဲ့ရတာဖြစ်ပြီး ၁၉၄၅ ခုနှစ် သြဂုတ် ၁၄ ရက်မှာ ဆုတ်ခွာလာတဲ့ ဂျပန်တပ်တွေနဲ့အတူ တရုတ်ပြည်ကနေ ထွက်ပြေးလာခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာ ရှိမိဇုဟာ ယူနစ် ၇၃၁ တပ်ဖွဲ့ဝင်ဟောင်းတဦးအဖြစ် သူ့ရဲ့အမည်ကို ထုတ်ဖော်ခဲ့ပြီး ဂျပန်ဘုရင့်တပ်မတော်ရဲ့ ရက်စက်ယုတ်မာမှုတွေကို လူထုမိန့်ခွန်းတွေနဲ့ အင်တာဗျူးတွေကတဆင့် စတင်ဖော်ထုတ်ခဲ့ပါတယ်။

ရှိမိဇုဟာ ၇၉ နှစ်တာအတွင်း ပထမဆုံး တရုတ်မြေကို ပြန်နင်းလျှောက်မယ့် သူ့ရဲ့ခရီးစဉ်ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

ယူနစ် ၇၃၁ ဟာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နဲ့ အရှေ့တောင်အာရှရှိ ဂျပန်ဇီဝစစ်ပွဲအတွက် အာရုံကြောစင်တာအဖြစ် ဟာပင်မြို့မှာ တည်ဆောက်ထားတဲ့ ထိပ်တန်းလျှို့ဝှက် ဇီဝနဲ့ ဓာတုစစ်ပွဲ သုတေသန အခြေစိုက်စခန်း ဖြစ်ပါတယ်။

ယူနစ် ၇၃၁ မှ လူသားစမ်းသပ်မှုထဲမှာ အနည်းဆုံး လူ ၃,၀၀၀ ကို အသုံးပြုခဲ့ပြီး ဂျပန်ရဲ့ ဇီဝလက်နက်တွေကြောင့် တရုတ်နိုင်ငံမှာ လူ ၃ သိန်းကျော် သေဆုံးခဲ့ရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013