DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ခရိုင်ရဲအရာရှိ ၁ ဦး မူးယစ်‌ဆေးဝါးမှုဖြင့်  ဖမ်းဆီးခံရ
DVB
·
August 13, 2024
ပြည်မြို့တွင် ခရိုင်ရဲအရာရှိ ၁ ဦး မူးယစ်‌ဆေးဝါးမှုဖြင့်  ဖမ်းဆီးခံရ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့က ဒုခရိုင်ရဲတပ်ဖွဲ့မှူးတဦး မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသခရဲတပ်ဖွဲ့နဲ့ အကျဥ်းထောင်ဝန်ထမ်းအသိုင်းအဝန်းကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဒုခရိုင်ရဲမှူးဟာ ဦးမောင်မောင်မြင့် ဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုတခုနဲ့ ဆက်နွှယ်ပြီး သူ နေထိုင်တဲ့ နဝင်းရဲရိပ်သာထဲမှာ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်လောက်က ဖမ်းဆီးခံရတာလို့ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

“ရန်ကုန်ဘက်ကအဝင် FAW ကားတစီး စစ်လိုက်ရင်းနဲ့ WY တွေမိတာ၊ အဲဒီလူတွေရဲ့ ဖော်ချက်နဲ့ ရဲမှူးကို သူ နေတဲ့ နဝင်းရဲရိပ်သာထဲမှာ ဖမ်းလိုက်တာ ၁၀ ရက်လောက်တော့ရှိပြီ။ နေပြည်တော်က ရဲတွေ လာဖမ်းတာ။ အရင်က မြို့ထဲနဲ့ ဥသျှစ်ပင်၊ ကံမဘက်က မိတဲ့ဟာတွေကလည်း ရဲမှူးကို ပေးထားတာတို့၊ ရဲမှူးကိုယ်တိုင် ပါတာတို့ ရှိတယ်။ နောက် အဓိကမြို့နယ်ထဲက နယ်ထိန်း အင်ချပ်တွေ အားလုံးကို သူ ကိုင်ထားတာ။ ဒါကြောင့် တချို့ဖမ်းမိတဲ့ မူးယစ်ဆေး တော်တော်များများက နယ်ထိန်းအင်ချပ်တွေနဲ့ သူတို့အဘ ရဲမှူးမှာတင် ဇာတ်လမ်းပျောက်ပျောက်သွားတာကြာပြီ။ အခုက ပြည်မြို့အဝင်မှာ မိလိုက်တဲ့ဟာက နေပြည်တော်အထိ ပေါက်သွားလို့ သူတို့ကိုယ်တိုင် ဝင်ဖမ်းလိုက်တာ။”

ဒုခရိုင်ရဲမှူး ဦးမောင်မောင်မြင့်ဟာ အာဏာသိမ်းပြီးကတည်းက ပြည်မြို့ကို ‌နယ်ဘက်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သူက နဝင်းရဲရိပ်သာမှာ မိသားစုနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။

သူ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိပါဘူး။  လက်ရှိအချိန်မှာတော့ ဒုခရိုင်ရဲမှူး ဦးမောင်မောင်မြင့်ကို ပြည်အကျဉ်းထောင်မှာ ရောက်နေတယ်လို့  အခုရက်ပိုင်း ထောင်ကလွတ်လာသူတဦးက ပြောပါတယ်။

အကျဉ်းသားဟောင်းတဦးက “အခုမှ ပြည်ထောင်ထဲ ပို့လိုက်တာ ၃ ရက်ပဲ ရှိသေးတယ်။ အဖမ်းခံရတုန်းကတော့ ကြားလိုက်သေးတယ်။ အဲဒီကတည်းက ပျောက်နေတာ။ အခုမှ ထောင်ထဲ ရောက်လာတာ။ အရင်ရက်တွေကတည်းက ပြည်မြို့က ကန်ဘောင်ဘက်က လူမိုက်တချို့ ထောင်ထဲရောက်လာကတည်းက ထူးဆန်းနေတာ။ အဲဒီ လူမိုက်အဖွဲ့က ခေတ်အဆက်ဆက်က ကြိုးလိမ်အဖွဲ့ဆိုပြီး ရဲတွေကို လိုင်းကြေးပေးပြီး လုပ်စားနေတာ၊ ဘယ်တုန်းကမှ အဖမ်းမခံရဘူး။ အလိမ်ခံတဲ့သူ ရဲသွားတိုင်လည်း ရဲက ကြိုးလိမ်တွေဆီက အာရကေ ယူထားတော့၊ ဘယ်တော့မှ သူတို့အဖွဲ့ကို မဖမ်းဘူး။ အခု အဲဒီအုပ်စုက မူးယစ်ဆေးအမှုနဲ့ ထောင်ထဲဝင်လာတော့ ပထမ ထူးဆန်းနေတာ၊ သူတို့အရင်က မူးယစ်ဆေး မလုပ်ပါဘူးပေါ့၊ နောက်တော့ ထောင်ထဲမှာ စကားက ကားတော့ သူတို့အဖွဲ့က ခရိုင်ရဲမှူးနဲ့ မူးယစ်ဆေး ပါတနာတွေ။ သူတို့ဖော်လို့ ရဲမှူးကို ဖမ်းတာလား၊ တခြား ထင်ရှားတဲ့ ကိစ္စတခုခုကြောင့် ဖမ်းသလားတော့ ‌မသိပါဘူး။ အခုတော့ ခရိုင်ရဲမှူးလည်း ထောင်ထဲ ရောက်လာပြီ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဒုခရိုင်ရဲမှူး ဦးမောင်မောင်မြင့်ဟာ အချုပ်သမားဘဝနဲ့ တရားရင်ဆိုင် ရဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013