DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှရခိုင်သို့ ကုန်စည်သယ်ယူခွင့် ပိတ်ပင်၊ တောင်ကြီးရောက် စစ်ရှောင်များ စားနပ် ရိက္ခာ အရေးပေါ်လိုအပ်
DVB
·
August 13, 2024
ဧရာဝတီတိုင်းမှရခိုင်သို့ ကုန်စည်သယ်ယူခွင့် ပိတ်ပင်၊ တောင်ကြီးရောက် စစ်ရှောင်များ စားနပ် ရိက္ခာ အရေးပေါ်လိုအပ်
1 / 2
Donate to DVB

စစ်ကောင်စီက ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက်ကို ကုန်စည်ပို့ဆောင်သယ်ယူခွင့် သြဂုတ် ၁၁ ရက်က စတင်ပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဒေသခံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ တဆက်စပ်တည်းရှိပြီး ရေလမ်း၊ ကုန်းလမ်းခရီး တိုက်ရိုက်ရောက်တဲ့ ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ကြံခင်း၊ လေးမျက်နှာ၊ ရေကြည်၊ ရဲဘက်၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေကနေ ရခိုင်ပြည်နယ်ကို စားနပ်ရိက္ခာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့် ပိတ်ထားတာလို့ ဆိုပါတယ်။

ပုသိမ်မြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတယောက်က “ရခိုင်ဘက်ကို ဟုတ်တယ်၊ ဘယ်ပစ္စည်းမဆို တင်ပို့ခွင့်မရတာ။ လှည့်ကို ပြန်လာခဲ့ရတာ။ ဘာလို့သွားခွင့်မပေးတာလဲဆိုတော့ မင်းတို့ကို တင်ပြနေရမှာလားလို့ ပြောတာ။ ဂိတ်ရောက်မှ ဆက်သွားခွင့်မပေးတာ။ ခရီးသည်ကားတွေတော့ သွားခွင့်ရသေးတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ပိတ်ထားတဲ့အပြင် လူတွေကိုလည်း မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဆိုင်ကယ်လိုင်စင်၊ မော်တော်ယာဉ် ယာဉ်မောင်းလိုင်စင် စတဲ့ အချက်အလက်တွေကိုပါ တိုက်ဆိုင်ကာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်က ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသူတယောက်က “စစ်ရေးနဲ့ မတိုက်ဆိုင်ဘဲ သက်သက် ကန့်သတ်တာ။ စစ်ကောင်စီဘက်က ကုန်စည်တွေကို ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေတဲ့ မြို့နယ်တွေဆီကိုပါ သယ်ယူခွင့် မပြုတော့တာ။ သြဂုတ် ၁၀ ရက်နေ့အထိ ရခဲ့သေးတာ။ လုံးဝတင်ပို့ခွင့်မရတော့ ကုန်စိမ်းလိုပစ္စည်းတွေ ပျက်စီး ဆုံးရှုံးကုန်တာပေါ့” လို့ ပြောပါတယ်။

သြဂုတ် ၂ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ချောင်းသာမြို့၊ အမှတ် ၁ ရပ်ကွက် မြင့်ငါးဒိုင်ဆိပ်ကမ်းမှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကိုပို့မယ့် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်လှေပိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က PDF တွေ ဟိုင်းကြီးကျွန်းနဲ့ ချောင်းသာကို ပြောင်းလာတယ်ဆိုပြီး စစ်တပ်အင်အား အယောက် ၂၀ လောက်နဲ့ ညအချိန်တွေမှာ လိုက်လံဖမ်းဆီး စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းမှာ ရောက်ရှိတဲ့ ရှမ်း‌မြောက် လားရှိုးဘက်က စစ်ရှောင်တွေဟာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေထံက သိရပါတယ်။

စစ်ရှောင်တွေဟာ ကိုးကန့်ကျောင်းမှာ ၄၀၀၊ မဟာယာနကျောင်းမှာ ၃၀၀ နီးပါး၊ ရပ်တော်မူ (ချမ်းသာ) မှာ ၂၀၀ နီးပါး၊ တရုတ်ခရစ်ယာန်ကျောင်း (ရေအေးကွင်း) မှာ ၂၀၀ ကျော်၊ ရှမ်းပိဋကတ် (စဝ်စံထွန်း) မှာ ၃၀၀ နီးပါး၊ YGW (ကံကြီး) မှာ ကလေး ၇၀၀ ကျော်နဲ့ ဖာမွန်းပန်းခြံထဲ၊ လွယ်ကောင်းဘုရားကျောင်း၊ တံတားမီးလောင်၊ နားဘောင် အပါအဝင် နေရာတွေမှာ ရှိနေပြီး စစ်ရှောင်စုစုပေါင်း ၁၀,၀၀၀ နီးပါးရှိတယ်လို့ ပြောပါတယ်။

စစ်ရှောင်ကူညီပေးနေသူတဦးက “အချိန်ကာလ ကြာလာတာနဲ့ စစ်ရှောင်တွေ စားရေးသောက်ရေး ပိုခက်ခဲလာတယ်။ ခုက ရေရှည်ကူညီမယ့် အလှူရှင်က မရှိဘူး၊ ဒေသတွင်း ပရဟိတအဖွဲ့ဝင်တွေကပဲ အလှူခံပေးပြီး စားရေး သောက်ရေးတွေ ဖြေရှင်းနေရတယ်။ အလှူရှင်တွေ ပူးပေါင်းပါဝင်မယ့်သူတွေ မျှော်နေပါတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေ ရောနှောပြီး နေထိုင်ရလို့ အခုလို မိုးရာသီမှာ ရာသီတုပ်ကွေးဖြစ်တာ၊ ချောင်းဆိုးတာတွေလည်း များနေတယ်လို့ ပြောပါတယ်။

စစ်ရှောင်တဦးက “တောင်ကြီးက အေးတယ်၊ ရှမ်းမြောက်ဘက်က ရာသီဥတုနဲ့ မတူတော့ ရာသီအပြောင်းအလဲကြောင့် ဖျားနာတာများတယ်။ ဆေးလာကုသပေးတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိပါတယ်။ ရောနှောနေထိုင်ရတော့ အဖျားတွေက ကူးတာမြန်တယ်” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ ရှမ်း‌မြောက်စစ်ရှောင်တွေအပြင် ကရင်နီစစ်ရှောင်လည်း များစွာရှိနေပြီး  အခု ဒေသတွင်း အ‌ေခြအနေ မငြိမ်ကြသေးလို့ အိမ်မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013