
ယူဂန်ဒါနိုင်ငံမြို့တော် ကမ်ပါလာက အမှိုက်ပုံတခုမှာ သြဂုတ် ၁၀ ရက် ညပိုင်းက မြေပြိုလို့ လူ ၁၂ ဦး ထက်မနည်းသေဆုံးပြီး နောက်ထပ်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
စနေနေ့ ညနေထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
မိုးသဲကြီးမဲကြီးရွာပြီးတဲ့နောက် အမှိုက်ပုံရဲ့ အစိတ်အပိုင်းတွေပြိုကျပြီး အနီးအနားက အိမ်တချို့ကို ဖုံးလွှမ်းသွားခဲ့တာလို့ ယူဂန်ဒါမီဒီယာက ဖော်ပြခဲ့ပါတယ်။
အစိုးရနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာမှာ ရုပ်အလောင်းတွေကို ရှာနေပြီး လူ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပြီး အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ဖို့ အကြီးစားစက်ကိရိယာတွေ ပံ့ပိုးပေးထားတယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောပါတယ်။
ခိုက်တေဇီလို့ ခေါ်တဲ့ အမှိုက်ပုံဟာ ကမ်ပါလာမြို့ရဲ့ တခုတည်းသောအမှိုက်ပုံအဖြစ် ဆယ်စုနှစ်များစွာရှိခဲ့ပြီးနောက် တောင်ကုန်းကြီးတခုလို ဖြစ်လာခဲ့တာပါ။
ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ စွန့်ပစ်အမှိုက်တွေကြောင့် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြတာတော့ ကြာနေပါပြီ။
Source-Reuters