DVB Logo
Home
မြန်မာသတင်း
ထိန်းချုပ်နယ်မြေလုခြင်းမဖြစ်အောင် သတိထားရမည်ဟု KIO ဥက္ကဋ္ဌ ပြော
DVB
·
August 10, 2024
ထိန်းချုပ်နယ်မြေလုခြင်းမဖြစ်အောင် သတိထားရမည်ဟု KIO ဥက္ကဋ္ဌ ပြော
Donate to DVB

ဒီအချိန်ကာလမှာ တော်လှန်ရေးအဖွဲ့အချင်းအချင်းအကြား ထိန်းချုပ်နယ်မြေ အပြိုင်လုယူအုပ်စိုးတဲ့ လုပ်ရပ်မျိုးတွေ မဖြစ်စေဖို့ သတိထားဆောင်ရွက်ရမယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီနေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ပြောပါတယ်။

“အုပ်ချုပ်မှုနယ်မြေနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ အချင်းချင်းတွေ့ဆုံပြီး ဖြေရှင်းဆောင်ရွက်ရမယ်လို့ နားလည်ထားလို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။

အခုတခေါက်စစ်ဆင်ရေးက တိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် အချိန်တိုအတွင်းမှာ အောင်ပွဲတွေအများကြီးရခဲ့တာလို့ သူကပြောပြီး အခုလို အောင်ပွဲတွေ ရရှိနေတာနဲ့အမျှ တဖက်မှာလည်း ရန်သူစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေတွေကို အမြဲသတိထားစောင့်ကြည့်ဖို့လည်း သတိပေးပါတယ်။

“အခုအချိန်က စစ်ကောင်စီတပ်စခန်း တော်တော်များများကို သိမ်းယူပြီးဖြစ်ပေမယ့်လည်း စစ်ဆင်‌ရေး မရုပ်သိမ်းသေးတာကြောင့် စစ်ရေးသတိ အမြဲတမ်းရှိဖို့ လိုပါတယ်။ သိမ်းပိုက်သိမ်းယူပြီးထားတဲ့ နယ်မြေက ပြည်သူတွေနဲ့ မြို့ပြက ပြည်သူတွေ စစ်ရေးသတိ တောက်လျှာက်ရှိဖို့လိုအပ်ပါတယ်”

နိုင်ငံငြိမ်းချမ်းတိုးတက်ဖွံ့ဖြိုးလာဖို့ နိုင်ငံရေးပြေလည်မှုရှိရမှာဖြစ်ပေမယ့်လည်း မြန်မာအစိုးရ အဆက်ဆက်ဟာ လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို မူဝါဒခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော် အာဏာကိုချုပ်ကိုင်ထားတာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ပြေလည်မှုရဖို့ဆိုတာက မဖြစ်နိုင်ပါဘူးလို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

ဒါကြောင့် ရည်မှန်းတဲ့ ပန်းတိုင်ကိုရောက်ရှိအောင် လက်နက်ကိုင်တော်လှန်နေကြတာဖြစ်ပြီး မှန်ကန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ပေါက်လာတဲ့အခါ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းနဲ့ ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်လက်တွဲကြတဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ကဏ္ဍအမျိုးမျိုးက ပူးပေါင်းပါဝင်ကြသူတွေကိုလည်း မိန့်ခွန်းကတဆင့် ကျေးဇူးတင်ဂုဏ်ပြုလိုက်ပြီး စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ပါဝင်နေကြသူတွေကိုလည်း နီးစပ်ရာ ဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းသွင်းတဲ့နည်းလမ်းနဲ့ မိဘပြည်သူတွေက တာဝန်ယူ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း KIO ဗဟိုကော်မတီဟာ ပြည်သူလူထုရဲ့ အကြံပေးချက်တွေကို လက်ခံတန်ဖိုးထားပြီး မိမိတို့လူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားစေပြီး သွေးထွက်သံယို ဖြစ်စေမယ့် တိုက်ဖွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနည်းလမ်းရှာ ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

ပြီးတော့ အနိုင်ယူသိမ်းပိုက်ထားတဲ့ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုကောင်းမွန်စွာနေထိုင်ရေးနဲ့ ဒေသလုံခြုံကာကွယ်ရေး လုပ်ငန်းတွေကို KIO က အချိန်နဲ့တပြေးညီ အားစိုက်လုပ်ဆောင်နေပြီး ဒီကဏ္ဍတွေမှာ တတ်သိကျွမ်းကျင်သူတွေနဲ့ အသက်အရွယ်ကောင်းတဲ့လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ဆန္ဒအလျောက် ဝင်ရောက် တာဝန်ထမ်းဆောင် ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013