DVB Logo
Home
နိုင်ငံတကာ
တေလာဆွစ်ဖ် ဖျော်ဖြေပွဲကို တိုက်ခိုက်ရန်ကြံစည်သည့် သြစတြီးယား လူငယ် ၃ ဦး ဖမ်းဆီးခံရ
DVB
·
August 9, 2024
တေလာဆွစ်ဖ် ဖျော်ဖြေပွဲကို တိုက်ခိုက်ရန်ကြံစည်သည့် သြစတြီးယား လူငယ် ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ကျင်းပမယ့် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ဖျော်ဖြေပွဲကို တိုက်ခိုက်မယ့် အစီအစဉ်အတွက် သြစတြီးယား ဆယ်ကျော်သက် ၃ ဦးကို ရဲက ဖမ်းဆီးရမိထားပါတယ်။

သူတို့ထဲက အဓိက သံသယရှိသူဟာ လူအသေအပျောက် အရမ်းများမယ့် သွေးအိုင်ကြီးဖြစ်သွားအောင် အသေခံတိုက်ခိုက်မှု လုပ်ဆောင်ဖို့ ကြံစည်ထားကြောင်းနဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS) ကို သစ္စာခံကြောင်း ကတိပြုထားတယ်လို့ သြစတြီးယား အာဏာပိုင်တွေက သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

သြစတြီးယားအဓိပတိ ကားလ် နေဟမ်းမားက “ဖျော်ဖြေပွဲတွေ မကျင်းပခင် ချက်ချင်းပဲ ISIS အသေခံဗုံးခွဲ တိုက်ခိုက်သူတွေရဲ့ အဖွဲ့ငယ်လေးတခုကို ဖြိုခွင်းခဲ့ကြောင်းနဲ့ အခု ဒီကွန်ရက်မှာ ဘယ်သူပါဝင်လဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း”  ပြောပါတယ်။

အဓိက သံသယရှိသူက ကြံရာပါ ၂ ယောက်ရှိကြောင်းနဲ့ သူကတော့ အသေခံဗုံးခွဲ တိုက်ခိုက်လိုကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ကြံမှုနဲ့ပတ်သက်ပြီး အသက် ၁၇ နှစ်နဲ့ ၁၅ နှစ်ရှိ တခြားသြစတြီးယား လူငယ် ၂ ဦးလည်း ဗုဒ္ဓဟူးနေ့မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

သံသယရှိသူတွေဟာ ပဲရစ်၊ မန်ချက်စတာ ဒါမှမဟုတ် မော်စကို မြို့ကြီးတွေရဲ့ အရွယ်အစားနဲ့ ဖျော်ဖြေပွဲတွေမှာ လူအများအပြား သွေးထွက်သံယို သေဆုံးမှုတွေဖြစ်ဖို့ သေချာတွက်ချက် လုပ်ဆောင်မယ့် အသေးစိတ် အစီအစဉ်တွေ ရှိခဲ့ကြောင်းလည်း သြစတြီးယားအဓိပတိ ကားလ် နေဟမ်းမားက ပြောပါတယ်။

အစီအစဥ်သာ အောင်မြင်ခဲ့ရင် ဘယ်လိုမှ တွက်ချက်မရတဲ့ ပျက်စီးမှုတွေ ဖြစ်လာမှာကို တွေးကြည့်လို့တောင် မရကြောင်းလည်း နေဟမ်းမားက ဆိုပါတယ်။

သံသယရှိသူဟာ ဗီယင်နာမြို့ အန့်စ်ထ် ဟက်ပဲလ် အားကစားကွင်းအပြင်ဘက်မှာ စုဝေးကြဖို့ စီစဉ်ထားတဲ့ ခန့်မှန်းခြေ ဆွစ်ဖ်တီး ပရိသတ် ၂ သိန်းလောက်အကြားမှာ လူသေဆုံးစေတဲ့ တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်ထားတာဖြစ်ကြောင်း အမျိုးသားထောက်လှမ်းရေးအကြီးအကဲ အိုမာ ဟိုင်ဂျာဝီ-ပါ့ချ်နာက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

သြစတြီးယား အာဏာပိုင်တွေဟာ တေလာဆွစ်ဖ် ဂီတဖျော်ဖြေပွဲ ခြိမ်းခြောက်မှုသတင်းကို အမေရိကန် ထောက်လှမ်းရေးဆီက ရရှိခဲ့ကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ABC သတင်းမှာ ဖော်ပြသွားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013