DVB Logo
Home
မြန်မာသတင်း
ကရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချို ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ရရှိ
DVB
·
August 9, 2024
ကရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချို ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ရရှိ
Donate to DVB

ကရင်လူငယ်အရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုကို ၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ကြောင်း ဖန်းဖောင်ဒေးရှင်းက ဩဂုတ် ၈ ရက်မှာ ကြေညာပါတယ်။

စောအဲလ်ဘတ်ချိုဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှု၊ မညီမျှမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတွေကို ကြုံတွေ့ခဲ့ရသူဖြစ်တယ်လို့ ဖန်ဖောင်ဒေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နောက်ပိုင်းမှာ သူဟာ ကရင်သမိုင်းကို စတင်ဖတ်ရှုခဲ့ပြီး ကရင်လူမျိုးတွေရဲ့ အခွင့်အရေးကို အလေးထားသော ကျောင်းသားလှုပ်ရှားမှုအဖြစ် လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခံပါတယ်။

တက္ကသိုလ်တက်နေစဉ် ကရင်လူငယ်ကွန်ရက်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၁၉ ခုက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့မှုကြောင့် တခြား လုပ်ဖော်ကိုင်ဖက် ၂ ဦးနဲ့အတူ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ စောအဲလ်ဘတ်ချိုဟာ  နိုင်ငံရေး ပါတီဖြစ်တခုဖြစ်တဲ့  ညီညွတ်သော တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (UNDP) မှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

၂၀၂၁ ခု အာဏာသိမ်းပြီးတဲ့နောက်မှာ‌တော့  မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားလူမျိုးတွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးမဟာမိတ်အဖွဲ့ဖြစ်သော General Strike Committee (GSCN) မှာ ပါဝင်ခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတွေ စတင်ချိန်မှာ စောအဲလ်ဘတ်ချိုဟာ KNU ထိန်းချုပ်နယ်မြေကို ရောက်ရှိလာခဲ့ပြီး ကရင်လူငယ်အစည်းအရုံးမှာ  ကရင်လူငယ်သုတေသနအဖွဲ့မှာ ပါဝင်သလို ကရင်လူငယ်အရေးတွေနဲ့ပတ်သက်ပြီး တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

စောအဲဘတ်ချိုက  “ဒီ ၂၀၂၁ခု အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျတော့ ဒီကော်သူးလေဘက်မှာပဲ လာပြီးတော့ အခြေချတယ်။ အထူးသဖြင့်တော့ လူငယ်ပိုင်းမှာ KYO ကရင်လူငယ်အဖွဲစည်းနဲ့ပဲ ကျနော်အဓိက လက်တွဲတာပေါ့နော်။ KYO အောက်မှာရှိတဲ့ ကရင်လူငယ် သုသေတန အဖွဲ့မှာပဲ ကျနော်ပိုလုပ်ဖြစ်တယ်။ နောက်တခုက KYC မှာ အတွင်းရေးမှူးအနေနဲ့ လုပ်ပါတယ်။ အဓိကတော့ ကျနော့်ရဲ့လှုပ်ရှားမှု တော်တော်များများကို KYO နဲ့ပဲ တွဲဖက်လုပ်ဖြစ်တာများပါတယ်”  လို့ ပြောပါတယ်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ရရှိတဲ့အပေါ်မှာလည်း သူက “အရင်ဦးဆုံးပြောချင်တာကတော့ ဖန်းဖောင်ဒေးရှင်းကိုလည်းကျေးဇူးတယ်။ ကျနော့်ကို norminate လုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ ကျနော့်ကို recommendation ပေးတဲ KYO ဥက္ကဋ္ဌ၊ KNU အတွင်းရေးမှူး ၂ ကိုလည်း ကျေးဇူးတယ်။ ပျော်လည်း ပျော်တယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ တာဝန်လည်း ပိုကြီးတယ်ပေါ့နော်။  ပြီးတော့ ဒီလို ဆုပေးတဲ့အတွက် အသိအမှတ်ပြုတယ်လို့ခံယူမိတယ်။ အထူးသဖြင့် ကိုယ်တတ်နိုင်တဲ့အပိုင်း လူငယ်တယောက်အနေနဲ့ ကိုယ်လုပ်နိုင်တဲ့အပိုင်းမှာ လုပ်တယ်။ အဲလိုမမျှော်လင့်ဘဲ မထင်မှတ်ထားတဲ့အချိန်မှာ ဆုရသွားတဲ့အတွက် တွန်းအားတခုဖြစ်တယ်၊ ခွန်အားဖြစ်စေတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာ နန်းဘွယ်ဘွယ်ဖန်းကတော့ “ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကနေဆင့်  စောအဲလ်ဘတ်ချိုရဲ့ လုပ်ငန်းအပေါ်  အသိအမှတ်ပြုပြီး ပံ့ပိုးပေးနိုင်တာကို  ပီတိဖြစ်ရပါတယ်။ စောအဲလ်ဘတ်ချိုလိုပဲ ကျမတို့ရဲ့ ကရင်လူ့အဖွဲ့အစည်းအတွက် အံ့သြဖွယ်ကောင်းသော ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ထူးခြား စွမ်းဆောင်နိုင်တဲ့  လူငယ်ခေါင်းဆောင်များစွာလည်း ရှိပါတယ်။ ကျမတို့ရဲ့အဖေ ပဒိုမန်းရှာက လူငယ်တွေကို တန်ဖိုးထားသလိုပဲ သူတို့ရဲ့ အံ့မခန်းလက်ရာတွေကို ငါတို့တန်ဖိုးထားတယ်” လို့ ပြောဆိုထားပါတယ်။

ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ 

အခုနှစ်ချီးမြှင့်တဲ့ဆုဟာ ၁၂ ကြိမ်မြောက်ဆုဖြစ်ပြီး ဆုအနေနဲ့ အမေရိကန်ဒေါ်လာ ၄,၀၀၀ ပေးအပ်ချီးမြှင့်တာဖြစ်ပြီး အခု၂၀၂၄ ခုအတွက် ဆုကိုတော့ လာမယ့်  သြဂုတ် ၁၂ ရက်နေ့ ကျရောက်မယ့် ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ်နေ့မှာ  စောအဲလ်ဘတ်ချိုကို ဆုချီးမြှင့်ပေးအပ်မှာဖြစ်ကြောင်း  ဖန်းဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ KNU ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013