DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကရင်အမျိုးသမီး ၁ ဦးက  ၄ မြွှာပူးကလေး ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားနိုင်
DVB
·
October 15, 2026
Photo: ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန
Photo: ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန
Donate to DVB

ကိုယ်ဝန်ဆောင် အယောက် ၇၀၀,၀၀၀ မှာ တယောက် တွေ့ရခဲတဲ့ ၄ မြွှာပူးကလေးတွေကို ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနက အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖြစ်တောင့်ဖြစ်ခဲ မိခင်နဲ့ ကလေးအတွက် အလွန်အန္တရာယ်ကြီးမားတဲ့ သဘာဝမျိုးဥ တလုံးတည်းကနေ ဆင်းသက်ပြီး အချင်းတခုတည်းကို ပူးတွဲ သုံးခဲ့တဲ့ ၄ မြွှာပူးကိုယ်ဝန်ဆောင်ကို ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနအနေနဲ့ အောင်မြင်စွာ ပြုစုစောင့်ရှောက် မွေးဖွားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံ ဆေးပညာလောကရဲ့ ပထမဆုံးအတွေ့အကြုံနဲ့ အောင်မြင်မှု မှတ်တိုင်စိုက်နိုင်ခဲ့ကြောင်း ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာ နရဲင်း ချိုးတိရို့တ်နိရမစ်က အောက်တိုဘာ ၁၄ ရက်က ပြုလုပ်တဲ့ “ကိုယ်ဝန် ၁ ခု၊ နှလုံးသား ၄ ခု” လို့ အမည်ပေးထားတဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်မှ အသက် ၃၃ နှစ်ရွယ် နန်းထိသီကန် ဆီရိရတ်ဆပ် ဆိုတဲ့ ကရင်တိုင်းရင်းသူအမျိုးသမီးဟာ အမြွှာကလေး ၃ ယောက်  ကိုယ်ဝန်ဆောင်ထားပြီး မဲ့စရီးယန်းဆေးရုံမှာ ဆေးဝါးထောက်ကူပစ္စည်း မပြည့်စုံတာကြောင့် ကိုယ်ဝန် ၂၃ ပတ်အရွယ်မှာ ချင်းမိုင် မဟာရတ်ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့တယ်။ 

ချင်းမိုင်ခရိုင် မိခင်နဲ့ သန္ဓေသားအထူးကု ဆရာဝန်ကြီးများအဖွဲ့ (MFM) က နောက်ထပ် အာထရာ ဆောင်းရိုက်ပြီး စစ်ဆေးရာမှာတော့  ၄ မွှာပူးဖြစ်နေတာကို တွေ့ရပါတယ်။ 

ကလေး ၄ ယောက် လုံးဟာ သန္ဓေအိတ်ကိုယ်စီရှိပေမဲ့ အချင်းတခုတည်းကို ပူးတွဲသုံးစွဲနေတာလည်း တွေ့ရပြီး ဒီအခြေအနေဟာ အလွန်ရှုပ်ထွေးပြီး ဘေးအန္တရာယ်နဲ့ အလွန်နီးတဲ့ ကိုယ်ဝန်ဆောင်အမျိုးအစားလို့  ဆိုပါတယ်။

အဲဒီနောက်  MFM  အထူးကုဆရာဝန်ကြီးတွေက ချင်းမိုင်မဟာရတ်ဆေးရုံကြီးမှာ ဆေးရုံ တက်စေခဲ့ပြီး အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တယ်၊ သန္ဓေသားအဆုတ်အားဆေး၊ ဗီတာမင်နဲ့ သံဓာတ်တွေ ဖြည့်ဆည်းပေးတဲ့အပြင် အန္တရာယ်ကင်းစွာ မီးဖွားနိုင်ရေး ဆရာဝန်နဲ့သူနာပြုတွေကြား အချက်အလက် ဆွေးနွေးဖလှယ်တာ၊ မေ့ဆေးဆရာဝန်တွေ၊ သားဖွားဆရာဝန်တွေ၊ အရေးပေါ် ဆေးဝါးနဲ့သွေးတွေ၊ ခွဲခန်းအတွက် လိုအပ်တဲ့ပစ္စည်းကရိယာတွေ ကြိုတင်ပြင်ဆင်ခဲ့ကြတယ်။ 

ကိုယ်ဝန် ၂၉ ပတ် နဲ့ ၅ ရက်အရွယ် မနက် ၂ နာရီခွဲလောက်မှာ မိခင်က သားအိမ်ကျုံ့တဲ့လက္ခဏာတွေ ပေါ်လာပြီး သားအိမ်ဝမှာလည်း ၂ စင်တီမီတာ ပွင့်လာတာကို စစ်ဆေးတွေ့ရှိတာကြောင့် ဆရာဝန်တွေက လိုအပ်တဲ့ဆေးဝါး ထိုးနှံပေးခဲ့ပြီး ခွဲစိပ်ခန်းကို ခေါ်ဆောင်ခဲ့ပါတယ်။ 

ခွဲစိတ်မွေးဖွားမှုမှာ အချိန် ၁ နာရီလောက်သာ ကြာမြင့်ခဲ့ပြီး နောက်ဆက်တွဲပြဿနာမရှိခဲ့ဘူး၊ ကလေး ၄ ယောက်လုံးကို ကလေးအထူးကုဆရာဝန်တွေက အထူးကြပ်မတ်ဆောင်မှာထားပြီး အနီးကပ်စောင့်ရှောက်ခဲ့တယ်၊ မိခင်ကိုတော့ သားဖွားမီးယပ်လူနာဆောင်မှာထားပြီး ကုသပေးခဲ့ပါတယ်။ 

သာမန်ကိုယ်ဝန်တွေမှာ ၃၇ ပတ် မှ ၄၀ ပတ်အရွယ်ရောက်မှာ မွေးဖွားတာဖြစ်ပေမဲ့ ဒီကိုယ်ဝန်ကတော့ လမစေ့ဘဲ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီခွဲစိတ်မွေးဖွားမှုမှာ ဆရာဝန်ကြီး ၄ ယောက်၊ ကလေးအထူးကုဆရာဝန် ၁၂ ယောက်၊ မေ့ဆေးဆရာဝန်နဲ့ သူနာပြု ၅ ယောက်၊ ခွဲစိတ်ခန်းသူနာပြု ၅ ယောက်၊ စုစုပေါင်း ဘက်စုံပညာရှင် အယောက် ၃၀ လောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

၄ မြွှာပူး သမီးကလေးတွေဟာ မွေးခါစက အလေးချိန် ၁,၁၁၀ ဂရမ်၊  ၁,၂၉၅ ဂရမ်၊  ၁,၁၁၅ ဂရမ်နဲ့  ၈၀၀ ဂရမ် အသီးသီးသာ ရှိပါတယ်။ 

ဒါပေမဲ့ မွေးပြီး ၂ ရက်အကြာမှာ မိခင်နို့စပြီးစို့နိုင်ပြီဖြစ်တယ်။ တခြားမိခင်တွေက လှူဒါန်းထားတဲ့ မိခင်နို့ဘဏ်က နို့တွေနဲ့ပါ ပူးတွဲတိုက်ကျွေးတာမှာ ၁ ပတ်အတွင်း လိုအပ်တဲ့နို့ရည် ပမာဏအပြည့်အဝ ရခဲ့ကြတယ်။

အဲဒီနောက် ဆရာဝန်တွေက ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ရောဂါပိုးဝင်ရောက်မှု၊ အသားဝါဖြစ်ခြင်း စတဲ့ မွေးစကလေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေ စောင့်ကြပ်ကြည့်ရှုပေးခဲ့တယ်။ 

အခုခါမှာတော့ သမီးငယ် ၄ ယောက်လုံး မိဘ အဘိုးအဘွားတို့ ရင်ခွင်မှာ ကျန်းမာစွာနဲ့ ဖွံ့ဖြိုးကြီးထွားလာပြီး သူတို့ရဲ့အမည်တွေကိုတော့ နောင့်အိုင်ဒီယာ၊ နောင့်အိုင်ဝါ၊ နောင့်အိုင်ဒါနဲ့ နောင့်အိုင်ယာလို့ အသီးသီးမှည့်ပေးထားပါတယ်။

မနေ့မနက်ပိုင်းက ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန ၁၅ လွှာ ချလိုမ်ဖရပါရမီခန်းမမှာ ကျင်းပတဲ့  သတင်းစာရှင်းပွဲမှာတော့ ၄ မြွှာသမီးလေးတွေဟာ မိခင် ဖခင်၊ အဘိုးအဘွားတွေနဲ့အတူ ကျန်းမာရွှင်လန်းစွာ ရောက်လာကြတယ်။

မိခင်ဖြစ်သူကလည်း အမြွှာ ၄ ယောက် ကိုယ်ဝန်ရကြောင်း သိရစဉ်က အလွန်ထိတ်လန့်အံ့ဩပြီး လွတ်လာမယ်လို့ မထင်ခဲ့ဘူး၊ အမြွှာသမီးလေးတွေကို ဘေးကင်းစွာ ‌မွေးဖွားစောင့်ရှောက်ပေးတဲ့ ဆရာဝန်ကြီးတွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အိမ်မှာလည်း ဝိုင်းဝန်းထိန်းကျောင်း စောင့်ရှောက်ပေးတဲ့ မိဘဆွေမျိုးအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ အရင်ကလည်း အရှေ့မြောက်ပိုင်း ဥဘွန်းရာ့ချ်ဌာနီမှ ကိုယ်ဝန်ဆောင်တယောက် ၄ မြွှာပူး (သား ၁ ယောက်၊ သမီး ၃ ယောက်) မွေးဖွားခဲ့တယ်။ ဒီကိုယ်ဝန်ကတော့ သာမန် အချင်းကိုယ်စီနဲ့ မွေးဖွားခဲ့ပါတယ်။ 

Source: ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန သတင်းထုတ်ပြန်ချက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013