
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားက ဘားအံမြို့မှာ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၂ ရက်ကြာ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ကရင်နိုင်ငံရေး စစ်ရေးလေ့လာသူတွေနဲ့ မြို့မိမြို့ဖတွေ အမြင်က ဘယ်လိုရှိပါလဲ။
ကရင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်က ဆုံးရှုံးထားတဲ့တပ်စခန်းတွေ ပြန်လည်ရယူဖို့ မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူပြီး လူအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် KNU ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့တာပါ။
ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတယောက်က “ငြိမ်းချမ်းရေးလို့ ဆိုလိုက်တာနဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသက လက်နက်ကိုင်တိုက်ပွဲ လျော့ကျသွားရုံနဲ့ ဒါဟာ ငြိမ်းချမ်းရေးလို့ ဒါကို ကျနော်တို့က မခေါ်ဆိုပါဘူး။ အဲဒေသမှာ တိုက်ပွဲတွေဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်တဲ့ ဒဏ်တွေကိုခံနေရတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးသွားတဲ့ အရာတွေ အားလုံးကို ကျနော်တို့ ထည့်သွင်းစဉ်းစားရမှာဖြစ်သလို တဒင်္ဂရတဲ့ ငြိမ်းချမ်းရေးအခွင့်အရေးကို ကျနော်တို့ ယူမလား။ ဒါမှမဟုတ် ထာဝရရမဲ့ ကျနော်တို့ရဲ့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံရတဲ့အထိ ကျနော်တို့ ဆက်သွားမလားဆိုတဲ့ မေးခွန်းမျိုးကို ကျနော် ဒီနေ့ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေအားလုံးကို ကျနော်တို့က မေးချင်တယ်”လို့ ပြောပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲတွေကတဆင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ NCA စာချုပ်ကို မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ် ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ စစ်အာဏာရှင် တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပါတယ်။
ငြိမ်းချမ်းစေချင်ရင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တကယ်မေတ္တာအရင်းခံနဲ့ ဖိတ်ခေါ်ဆွေးနွေးသင့်တယ်လို့ ဘားအံမြို့ခံ မြို့မိမြို့ဖတယောက်က ပြောပါတယ်။
“ဒီဖိုရမ်က ငြိမ်းချမ်းစေချင်လို့ လုပ်တယ်ဆိုပေမဲ့ သူတို့ အခြေခံမူတွေက ငြိမ်းချမ်းစေချင်တာ။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတို့ ရပိုင်ခွင့်တို့ ဘာတို့ ညာတို့ ရှိသေးတာကို။ ဖိုရမ်ကလုပ်နေတာ များနေပြီလေ။ တဖိုရမ်ပြီး တဖိုရမ်။ နောက်တခုက ဘာမှလည်း မဖော်နိုင်ဘူး။ ရှိသမျှလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တကယ်မေတ္တာအရင်းခံနဲ့ ပွင့်လင်းမြင်သာနဲ့ လက်ခံပြီးတော့ သေချာ နဖူးတွေ့ ဒူးတွေ့ဆိုရင်တော့ တမျိုးပေါ့။ နောက်တခုက ကျနော် ပြောသလို ဒီပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးပေါ့။ ဒီတိုင်းရင်းသားပြည်သူလူထုတွေဟာ ဖွဲ့စည်းပုံအခြေဥပဒေရဲ့ စောင့်ရှောက်မှုဂရုစိုက်မှုတို့က On paper ပဲဖြစ်နေတယ်။ လက်ရှိမြေပြင်မှာ အဲလိုမှ မဟုတ်ဘဲ။”
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေရပ်တန့်ရေးနှင့် ငြိမ်းချမ်းတဲ့လူ့အဖွဲအစည်း တည်ဆောက်ရေးစာတမ်း၊ ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒေသဖွံဖြိုးမှု တိုးတက်ရေးစာတမ်းစတဲ့ စာတမ်း ၄ စောင်ကို သက်ဆိုင်ရာအစုအဖွဲအလိုက် ဆွေးနွေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်ကနေ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်ဖို့ စမှတ်တခုအနေနဲ့ အပြုသဘောဆောင်တယ်လို့ KNU/KNLA-PC ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ပြောပါတယ်။
“ငြိမ်းချမ်းရေးဆိုတာကတော့ ကျနော်တို့အတွက် အမှန်တကယ်လိုအပ်တယ်။ သို့သော် ကျနော်တို့ နားလည်တဲ့ ငြိမ်းချမ်းရေးကတော့ ဒေသတခုတည်း ငြိမ်းချမ်းရုံနဲ့ တည်တံခိုင်မြဲဖို့က မလွယ်ဘူးဆိုတာတော့ ကျနော်တို့ရဲ့ ဖြတ်သန်းရမှုအရပဲ ကြည့်ကြည့် သမိုင်းသင်ခန်းစာအရပဲကြည့် ကြည့် ထင်သာမြင်သာရှိပါတယ်။ တတိုင်းပြည်လုံးဖြစ်နေတဲ့ ပြဿနာက ကျနော်တို့ ကရင်တကွက်တည်းနဲ့လည်း ကျနော်တို့ ထိန်းဖို့ အင်မတန်ခဲယဉ်းပါတယ်။ သို့သော်ကျနော်တို့မျှော် မှန်းတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအဆင့်ကို ကျနော်တို့ လက်လှမ်းမမှီသေးဘူး။ လမ်းစရှာနေတုန်းပဲ။ သက်ဆိုင်သူတွေ အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတခုကို ကျနော်တို့ ကရင်ဒေသမှာလုပ်တဲ့ ဖိုရမ်တခုအနေနဲ့ကလည်းပဲ ကျနော်တို့ မျှော်မှန်းတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်ဖို့ ဒါ စမှတ်တခုအနေနဲ့က အပြုသဘောဆောင်တယ်လို့တော့ ကျနော်တို့က မြင်တယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က နေပြည်တော် သမ္မတရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ရဲ့ အစိုးရသစ် ရက်ပေါင်း ၁၀၀ ပြည့်မဲ့ ဇူလိုင် ၃၁ ရက်အတွင်း PDF တွေ အလင်းဝင်ကြဖို့နဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအပါအဝင် တနိုင်ငံလုံးအနှံ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။










