DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးသင့်ပြည်သူ ၁ သိန်းကျော်ကို  WFP က အရေးပေါ် စားနပ်ရိက္ခာကူညီ
DVB
·
August 8, 2024
မြန်မာရေဘေးသင့်ပြည်သူ ၁ သိန်းကျော်ကို  WFP က အရေးပေါ် စားနပ်ရိက္ခာကူညီ
Donate to DVB

မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ကြသူ လူဦးရေ ၁ သိန်းကျော်ကို ကူညီဖို့ အရေးပေါ်ရေဘေးတုံ့ပြန်မှု လုပ် ငန်းတရပ်ကို စတင်လိုက်တဲ့အကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက စတင်ပြီးတော့ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၂ သိန်းကျော် ထိခိုက်ခဲ့ကြရပြီး အများအပြား ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရတယ်လို့ ဩဂုတ် ၇ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် WFP ရဲ့ Advanced Disaster Analysis & Mapping ဂြိုလ်တုပုံရိပ်ရဲ့ ဩဂုတ် ၆ ရက်နေ့ ခန့်မှန်းချက်အရ ရေကြီးရေလျှံမှု ကြုံတွေ့နေရသောဒေသတွေမှာ လူ ဦးရေပေါင်း ၈ သိန်းခွဲကျော်လောက် နေထိုင်ကြတယ်လို့ သိရပါတယ်။ 

WFP  ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ပါအိုလို မက်တေးက “မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေရောက်နေတဲ့အချိန်မှာမှ ရေဘေးက ဖြစ်လာရပြန်ပါတယ်။ နိုင်ငံတဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စား နပ်ရိက္ခာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်ကြရတယ်” လို့ ပြောပါတယ်။

WFP အနေနဲ့ ကူညီဖို့လျာထားတဲ့ လူဦးရေ ၁၂၀,၀၀၀ အနက်က ကချင်၊ ကရင်၊ ပဲခူး၊ မကွေးနဲ့ မန္တလေးက လူဦးရေ ၇၆,၀၀၀ ထံကို စားနပ်ရိက္ခာအထောက်အပံ့တွေပေးပို့ပြီးပြီလို့လည်း   ပါအိုလို မက်တေးက DVB ရဲ့မေးမြန်းချက်ကို အီးမေးလ်နဲ့ ဖြေကြားပါတယ်။

“လက်ရှိမှာ ရေကြီးရေလျှံမှုအခြေအနေက မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် ရခိုင်နဲ့ ဧရာဝတီ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရေမျက်နှာပြင် မြင့်တက်လာနေတဲ့အခြေအနေရှိပါတယ်။ ဒီလိုရေကြီးနေတဲ့ဒေသတွေထံ ကျွန်တော်တို့ လက်လှမ်းမီသွားရောက်နိုင်မှုအနေအထားရယ်  ကျွန်တော်တို့မှာရှိထားတဲ့ အရင်းအမြစ်တွေအပေါ် အခြေခံပြီးတော့မှ ကျွန်တော်တို့ WFP အနေနဲ့ ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို စီစဉ်နေတာရှိပါတယ်။ လက်လှမ်းမီသွားရောက်နိုင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ စိန်ခေါ်မှုတွေ ရှိနိုင်ပေမယ့် ကျွန်တော်တို့ WFP အနေနဲ့ လိုအပ်နေတဲ့ နေရာတိုင်းက လိုအပ်နေသူတွေတိုင်းဆီ တတ်နိုင်သမျှ သွားရောက်ကူညီပေးနိုင်ဖို့ ကျွန်ုပ်တို့ ကတိကဝတ်ပြုထားပါတယ်။”

လက်ရှိမှာတော့ WFP အနေနဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် အသက်ကယ်ဆယ်ရေးအထောက်အပံ့တွေ ပေးအပ်နေပြီး အဲဒီထဲမှာ ငွေသား၊ ဆန်၊ အာဟာရမှုန့်နဲ့ အာဟာရဖြည့်ဘီစကွတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းလောက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ ရေကြီး ခဲ့တာကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို လူနေအိမ်တွေနဲ့ စိုက်ခင်းတွေ နစ်မြုပ်ပျက်စီးကာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေကြရပြီး တချို့နေရာတွေမှာ ရေလွှမ်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013