DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေး မြင့်တက်နေပြီး လိုသလောက်ဝယ်မရ
DVB
·
August 7, 2024
ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေး မြင့်တက်နေပြီး လိုသလောက်ဝယ်မရ
Donate to DVB

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ၁ လီတာ ၅,၅၀၀ ကျပ်အထိ ဈေးတက်လာပြီး စက်သုံးဆီဆိုင် အများစု ဖွင့်ထားပေမဲ့ စက်သုံးဆီ လိုသလောက်ဝယ်ယူလို့မရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဆီဆိုင်တွေကတော့ ပြန်ဖွင့်နေတာ တွေ့ရတယ်။ ဆီလည်းသွားဖြည့်တော့ ဆီပြတ်နေတယ်တဲ့။ ဆီ ၅,၀၀၀ ဖိုးလောက်ရဖို့ ၃ ဆိုင် သွားဝယ်ခဲ့ရတယ်။ နည်းနည်းပါးပါး ရှိနေတဲ့ လမ်းဘေးဆီဆိုင်တွေမှာလည်း တလီတာကို ၅,၀၀၀ အထက်မှာပဲ ဈေးကရှိနေတယ်” လို့ ပြောပါတယ်။

အခုလို စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်း၊ ရေယာဉ်လုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အသေးစားလုပ်ငန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း အခက်အခဲ ကြုံလာရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှ Delivery သမားတယောက်က “သြဂုတ် ၅ ရက်နေ့အထိကတော့ ဝယ်လို့ရခဲ့သေးတယ်။ အဲဒီနောက်ပိုင်းကစပြီး ဆိုင်တွေအကုန် ဆီပြတ်သွားတာ။ ဘယ်အချိန် ပြန်ရမလဲ ဆိုတာလည်း မသိရဘူး။ အခုက လမ်းမှာ ဆီပြတ်လို့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေ ဖြစ်နေတာ။ အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင် ဝယ်ထည့်လို့မရဘူး။ ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာ၊ ဒီဆီဈေးတက်လာတဲ့ ဒုက္ခကြုံရတာ တမျိုး၊ အခု ဝယ်ပါမရဖြစ်နေတော့ ငတ်သေဖို့ရှိတော့” လို့ ပြောပါတယ်။

ပုသိမ်မြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ကျနော်ကိုယ်တိုင်ကိုက စက်သုံးဆီကို အရင်ကလို လိုသလောက် မရပါဘူး။ ခွဲတမ်းနဲ့ ယူရောင်းနေရတာ။ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘာမှ လုပ်ရတာ အဆင်မပြေဘူး။ ရတဲ့ခွဲတမ်းနဲ့ သုံးလိုအား မမျှတော့ ဆီက မကြာခဏ ပြတ်လပ်နေတာ။ ဆီဆိုင်တွေအများစု ဆီမရှိဘဲ ဖွင့်နေရတာက အဲ့လိုပါ။ ဧရာဝတီတိုင်းက ဆီဆိုင်တွေအားလုံးကို အမြဲဖွင့်ထားဖို့၊ ဆီပြတ်လပ်တာမရှိဖို့၊ ဈေးတင်မရောင်းဖို့ ဆိုပြီး စစ်ဆေးတာတွေ၊ သတိပေးတာတွေ လုပ်ထားတယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သြဂုတ် ၇ ရက်အတွက် ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချရမယ့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဟာ ၉၂ တလီတာကို ၂,၈၃၀ ကျပ်၊ ၉၅ တလီတာကို ၂,၉၆၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ မြေပြင်မှာ ဆီမရှိတဲ့အပြင် လမ်းဘေးဆီဆိုင်လေးတွေမှာ ၉၂ တလီတာ ၄,၀၀၀ ကျပ်နဲ့ ၉၅ တလီတာကို ၅,၅၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေတက်၊ ဆီပြတ်လပ်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ ဆေးဝါးတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လူသုံးပစ္စည်းတွေလည်း အရင်ကထက် ၂ ဆကျော်ကျော်အထိ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013