ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေကို ပါရာဂွေး အထက်လွှတ်တော်အမတ် ဆယ်လက်စ်တီ အမာရီလာက လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ပြင်သစ်က ပါရာဂွေးကို (၁-၀) ဂိုး နဲ့ အနိုင်ရရှိပြီးနောက်ပိုင်း ဒီလိုတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာပါ။
အမ်ဘာပေကလည်း အမာရီလာကို “ရွံစရာကောင်းသူ” လို့ ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ခဲ့ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း အမ်ဘာပေဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပါရာဂွေးပရိသတ်တွေက အမ်ဘာပေရဲ့ ရုပ်တုတွေကို မီးရှို့ပြီး နိုင်ငံရဲ့ အမုန်းဆုံးလူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အထက်လွှတ်တော်အမတ် အမာရီလာရဲ့ ဒေါသထွက်ရတဲ့ အဓိကအကြောင်းရင်းကတော့ အမ်ဘာပေက ပါရာဂွေးဂိုးသမား အော်လန်ဒို ဂေးလ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာ ကြောင့်ပါ။
အမာရီလာက အထက်လွှတ်တော်အစည်းအဝေးမှာ အမ်ဘာပေကို ရိုင်းစိုင်းစွာ ဆဲဆိုခဲ့တာပါ။
ဂိုးသမား ဂေးလ်ကလည်း အမ်ဘာပေရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ပွဲအတွင်းမှာ ပါရာဂွေးအသင်းသားတွေက အမ်ဘာပေကို တချိန်လုံး လူချကစားသွားခဲ့တာဖြစ်ပြီး ဂိုးသမား ဂေးလ်ကလည်း အမ်ဘာပေကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ဒီပွဲကို ပင်နယ်တီကနေ အမ်ဘာပေရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။










