DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေကြီးမှုကြောင့် ၅ ဦးသေဆုံး၊ ရေဘေးသင့် ကရင်နီပြည်သူများကို စားနပ်ရိက္ခာ ဖြန့်ဝေ
DVB
·
August 6, 2024
ရခိုင်တွင် ရေကြီးမှုကြောင့် ၅ ဦးသေဆုံး၊ ရေဘေးသင့် ကရင်နီပြည်သူများကို စားနပ်ရိက္ခာ ဖြန့်ဝေ
1 / 4
Donate to DVB

ဩဂုတ်လဆန်းပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းရှိ ရေကြီးမှုတွေမှာ အရပ်သားသေဆုံးမှု ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုရေးကူညီနေသူတွေဆီက သိရပါတယ်။

ရေကြီးမှုကြောင့် မြောက်ဦးမြို့နယ်မှာ ၄ ဦးထက်မနည်းနဲ့ ကျောက်တော်မြို့နယ်မှာ တဦး သေဆုံးခဲ့ပါတယ်။

ရေကြီးမှုကြောင့် ကမ်းပါးပြိုကျရာမှာ ပါဝင်သွားသူတွေနဲ့ ရေစီးနဲ့မျောပါသွားသူတွေ သေဆုံးသွားကြတာဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် လူကြီးပိုင်းတွေနဲ့ ၁၀ နှစ်အောက် ကလေးအရွယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့က လူမှုရေး ကူညီဆောင်ရွက်နေသူတဦးက “မြောက်ဦးမြို့နယ်မှာက ကျနော်တို့ သိထားရသလောက် ၃ ဦးသေတယ်လို့ ကြားထားရတယ်။ ပီပင်ရင်းကျေးရွာက အမျိုးသားတဦးနဲ့ ဆီသည်ကျေးရွာက ၂ ဦးသေသွားတယ်လို့ ကြားထားရတယ်။ ပီပင်ရင်းရွာက လူကတော့ ထင်းဆယ်ရင်း ရေစီးနဲ့ မျောပါသွားတာလို့ သိရတယ်။ ဆီသည်ကျေးရွာက ၂ ဦးကတော့ ကမ်းပါးပြိုကျရာမှာ အိမ်နဲ့အတူ ပါသွားကြတာ” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် ဆီသည်ကျေးရွာမှာ ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီးတော့ လူနေအိမ် ၂၄ လုံးထက်မနည်း ရေစီးနဲ့အတူ မျောပါပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှာလည်း သြဂုတ် ၃ ရက်က အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ပုဏ္ဏားကျေးရွာမှာလည်း ရေကြီးမှုကြောင့် လူငယ်တဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရေကျသွားပြီဖြစ်ပေမဲ့ ရေနစ်မှုကြောင့် လယ်ယာတချို့ ပျက်စီးခဲ့တယ်လို့ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာသားတဦးက ပြောပါတယ်။

“ရေက သြဂုတ်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့ မနက်ပိုင်းအထိ နစ်မြုပ်ခဲ့တာ။ ရွာမှာတော့ လူအထိအခိုက်တွေ မရှိဘူး။ စိုက်ပျိုးထားတဲ့ လယ်တွေမှာတော့ စပါးပင်တွေ သေသွားတာတွေ ရှိကြတယ်။ အခုအချိန်အထိလည်း ပျက်စီးမှု ရှိ၊ မရှိ မသိရသေးတဲ့ လယ်တွေလည်း ရှိကြသေးတယ်။ ပျက်စီးသွားတဲ့လယ်တွေ ပြန်စိုက်ပျိုးကလည်း မလွယ်တော့ဘူး။”

ရခိုင်ပြည်နယ်မှာ ရေကြီးမှုကြောင့် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်နဲ့ မင်းပြားမြို့နယ်က ကျေးရွာတချို့မှာ ရေနစ်မြုပ်ခဲ့ပြီး ရေအမြင့် ၄ ပေကနေ ၁၀ ပေအထိ မြေနိမ့်နေရာတွေအပေါ်မူတည်ပြီး ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁ ရက်ကနေ ၄ ရက် မနက်ပိုင်းအထိ ရေကြီးမှုတွေကြောင့် အဲဒီမြို့နယ် ၃ ခုက ဒေသခံ ၅,၀၀၀ လောက်ဟာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ဒေသခံ ကူညီဆယ်ရေး ပြုလုပ်သူတွေဆီက သိရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဘုရားဖြူ၊ ဘုရားနီနဲ့ ဖောင်းတောကျေးရွာတွေက ရေဘေးသင်း လူဦးရေ ၁,၀၀၀ ကျော်အတွက် အိမ်သာခွက်၊ လစဉ်သုံး၊ မိုးကာ၊ စောင်၊ ခြင်ထောင်၊ မိုးကာလိပ်၊ သွားတိုက်ဆေးနဲ့ ဆန်၊ ဆား စတာတွေကို ကယန်းအမျိုးသမီးအစည်းအရုံးနဲ့ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့တို့က ပူးပေါင်းပြီး မနေ့ သြဂုတ် ၄ ရက်မှာ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေရဲ့ လယ်တွေဟာ စပါးရိတ်သိမ်းခါနီးမှာ ရေနစ်မြုပ်ကုန်တာကြောင့် ရေတိမ်တဲ့နေရာတချို့မှာပဲ ရိတ်သိမ်းနေရတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ခံက ပြောပါတယ်။

“အခြေအနေက တော်တော်လေးတော့ ဆိုးတယ်ပေါ့နော်။ သူတို့အနေနဲ့ စပါးက ရိတ်သိမ်းခါနီးမှာကို ရေက အကုန်မြုပ်လိုက်တော့ ရိတ်သိမ်းလို့ မရတော့ဘူးပေါ့နော်။ ရိတ်သိမ်းလို့မရတော့ တချို့ နည်းနည်းကုန်းပေါ်မှာရှိတဲ့ ယာပြောရမှာပေါ့၊ ရေသိပ်မနက်တဲ့ နေရာမျိုးဆိုရင်တော့ သူတို့က ရေငုပ်ပြီးတော့မှ စပါးတွေကို ပြန်ရိတ်တဲ့ဟာတွေ ရှိတာပေါ့။ ဒါပေမဲ့ သေချာတာတခုက သူတို့ရဲ့ မျှော်မှန်းထားသလောက်တော့ ပြန်ရမှာ မဟုတ်ဘူးပေါ့နော်။”

ခုလို ခက်ခဲတဲ့ ရေဘေးသင့်ပြည်သူတွေကို အရေးပေါ်ကူညီနိုင်ဖို့အတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တာဝန်ရှိသူနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေနစ်မြုပ်သွားတာကြောင့် လယ်ဧကပေါင်း ၁,၃၀ဝ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်တွေလည်း ရေနစ်မြှုပ်နေဆဲ ဖြစ်တဲ့အပြင် လာမယ့် တပတ်၊ နှစ်ပတ်အတွင်း ရေပြန်မကျရင် နွေစပါးရိတ်သိမ်းနိုင်ဖို့အတွက် အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် အဓိက သောက်သုံးရေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အထူးလိုအပ်နေပြီး ရေဘေးနောက်ဆက်တွဲအနေနဲ့ ယားနာရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်နယ်က ရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းတဲ့ အလှူရှင်တွေ နည်းပါးနေတာကြောင့် ပါဝင်ကူညီလှူဒါန်းပေးကြဖို့ ကယန်းအမျိုးသမီးအစည်းအရုံးနဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို အသိပေးတာမရှိဘဲ မိုးဗြဲရေကာတာတံခါးကို ဖောက်ချခဲ့တဲ့အတွက် ဘီလူးချောင်းဘေးတလျှောက်က ကျေးရွာတွေနဲ့ လယ်တွေ ပျက်စီးဆုံးရှုံးရသလို ဒေသခံတွေနဲ့ စစ်ဘေးရှောင်လူထုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013