DVB Logo
Home
မြန်မာသတင်း
ရမခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည့်အပေါ်  KNPP ၊ KNU CNF ဂုဏ်ပြု 
DVB
·
August 5, 2024
ရမခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည့်အပေါ်  KNPP ၊ KNU CNF ဂုဏ်ပြု 
Donate to DVB

လားရှိုးမြို့မှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ စခန်းတခုဖြစ်တဲ့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) ကို  MNDAA ကိုးကန့်တပ်ဖွဲ့ ဦးဆောင်တဲ့တပ်တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ပေါ်  ညီနောင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KNPP ၊ KNU နဲ့ CNF တို့က ဝမ်းသာဂုဏ်ယူပါကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။   

ရမခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် လွန်စွာအားရနှစ်သက်ပြီး  တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ဦးဆောင်တဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေကို ဝမ်းသာဂုဏ်ယူပါကြောင်း KNPP ၊ KNU နဲ့ CNF ၃ ဖွဲ့က ဩဂုတ် ၄ ရက်နေ့စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်တာပါ။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူအားရခြင်းနဲ့ အောင်ပွဲတွေ ဆက်လက်ရရှိစေဖို့ ဆန္ဒပြုသလို KNPP ၊ KNU နဲ့ CNF တို့ ညီနောင်တော်လှန်ရေးအဖွဲ့တွေကလည်း ဟန်ချက်ညီညီနဲ့ အာဏာသိမ်းစစ်တပ် ပြိုလဲသွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြမယ်လို့ သန္နိဋ္ဌာန်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။ 

ဒီ‌အောင်ပွဲဟာ စစ်ကောင်စီ ပြိုလဲဖို့အတွက် မှတ်တိုင်တခုအနေနဲ့ အရေးပါပြီး ဒီစစ်ရေး အောင်ပွဲကနေတဆင့် စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် နိုင်ငံရေးနဲ့စစ်ရေး ဟန်ချက်ညီတဲ့လုပ်ငန်းစဉ်နဲ့ ပြည်သူလူထု လိုလားတောင်းတတဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေး အတူတကွတိုက်ပွဲဝင်မယ့် အကြောင်း သဘောထားထုတ်ဖော်ဂုဏ်ပြုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက  အလားတူ နောက်စစ်တိုင်းတွေလည်း ကျဆုံးပြိုလဲသွားမှာကို မြင်ယောင်ကြောင်း DVB ကိုပြောပါတယ်။

“အထင်ကရစစ်တိုင်းကြီး ၁၄ ခုထဲမှာပေါ့နော်၊ ရမခစစ်တိုင်းက စကစအနေနဲ့ မောက်မောက်မာမာနဲ့ စစ်ကူသွားပေးတာတော့ရှိတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပဲ ကြွားလုံးထုတ်နေတဲ့ကြားထဲကပဲ  ဒီစစ်တိုင်းကြီးက ဘာမှမကြာဘဲနဲ့  ကျဆုံး ပြိုလဲသွားတာကို မျက်မြင် တွေ့ရတယ်။ လာမယ့်အချိန်ကာလမှာ ကျန်တဲ့စစ်တိုင်းတွေကလည်း အလားတူ လိုက်ပါလာမယ်လို့ မြင်ယောင်မိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က စိတ်ဓာတ်ရေးရာပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အနေအထားက ဟိုးအပေါ်ဆုံးကနေ အောက်ဆုံးထိ ပြိုလဲနေပြီနော်။ ဘယ်ဟာမှ ထိထိရောက်ရောက်လုပ်နိုင်မယ်အနေအထားမျိုး အခြေအနေမျိုးမရှိတော့ဘူးဆိုတာ တဖြည်းဖြည်းနဲ့ မြင်လာရပြီ။”

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ကရင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေသလို ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ကလည်း သက်ဆိုင်ရာပြည်နယ်ဒေသတွေမှာ  ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပြင်းအထန်တွန်းလှန်တိုက်ခိုက်နေကြပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေအစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို   MNDAAနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက  သြဂုတ် ၃ ရက် နေ့လယ်ပိုင်းမှာ အပြီးသတ်သိမ်းပိုက် ရရှိခဲ့ပါတယ်။

ဒါ့အပြင် ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနဲ့ အရာရှိစစ်သည်တွေကို    သြဂုတ် ၃ ရက်မှာ MNDAA ကိုးကန့်တပ်က ဖမ်းဆီးရမိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013