DVB Logo
Home
မြန်မာသတင်း
ဆလိုင်းအိုက်ဇက်ခင်ကို NUG ရာထူးမှ ထုတ်ပယ်
DVB
·
August 4, 2024
ဆလိုင်းအိုက်ဇက်ခင်ကို NUG ရာထူးမှ ထုတ်ပယ်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ ကိုယ်စားလှယ်တယောက်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက် အမြတ်ထုတ်တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးနောက် ဩဂုတ် ၁ ရက်မှာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ဝန်ကြီးဌာနက ဩဂုတ် ၃ ရက် ညမှာ ထုတ်ပြန်ပါတယ်။

သူနဲ့ပတ်သက်ပြီးတော့ NUG ရဲ့ ‘လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာ ပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ’ကလည်း ဒီနေ့ညနေမှာ စုံစမ်းစစ်ဆေးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာပါ။

အခုလို ရာထူးကနေ ထုတ်ပယ်ခံရတာနဲ့ပတ်သက်လို့ ဆလိုင်းအိုက်ဇက်ခင် ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။ 

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တယ် ဆိုတဲ့ တိုင်ကြားချက်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ လက်ခံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကြားနာစစ်ဆေး သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ ဝန်ထမ်း ၃ ယောက်က နိုင်ငံခြားရေးဝန်ကြီးဆီကို လိပ်မူပြီး တိုင်ကြားစာ ပို့လာတာကြောင့် ဧပြီ ၁၉ ရက်နေ့မှာ အဲဒီဝန်ထမ်းတွေဆီကို ဝန်ကြီးဌာနရဲ့ အရေးယူ ဆောင်ရွက်ထားတဲ့ အခြေအနေတွေ ပြန်လည်အသိပေး အကြောင်းကြားခဲ့ပေမဲ့ မေ ၁၄ ရက်မှာတော့ မိမိသဘောဆန္ဒအလျောက် အလုပ်တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တိုင်ကြားသူက အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဆီကို တင်ပြလာတယ်လို့ ဆိုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကတော့ ကျူးလွန်ခံရသူအမျိုးသမီးဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနကို တိုင်ကြားခဲ့ပေမဲ့ ထိထိရောက်ရောက် အရေးမယူတဲ့အပြင် သူနဲ့အတူ တခြားဝန်ထမ်းအမျိုးသမီး ၂ ယောက်ကိုပါ အလုပ်ကနေ ထုတ်ပစ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့မှာလည်း ဒီကိစ္စအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (PSHEA Policy) နဲ့အညီ အမြန်ဆုံး အရေးယူပေးဖို့၊ ပြည်သူကို အစီရင်ခံပေးဖို့ အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ (WAC-M) က တင်ပြတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သလို တခြား အမျိုးသမီးအဖွဲ့တွေကလည်း ကြေညာချက်တွေထုတ်ပြန်ပြီး တရားမျှတမှု အတွက် တောင်းဆိုခဲ့တယ်လို့ ‘လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာ ပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီ’ ဆိုပါတယ်။

ဒီအမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်မှာ ကော်မတီဆီကို လွှဲပြောင်းခဲ့တာကြောင့် အရေးပေါ် အစည်းအဝေးခေါ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန် ၂၄ ရက်မှာ ဖွဲ့စည်းတာဝန်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် စာရွက်စာတမ်းအခြေပြုနည်းလမ်းနဲ့ လူတွေ့မေးမြန်းတဲ့နည်းလမ်းတို့နဲ့ တိုင်ကြားသူ၊ သက်သေနဲ့ တိုင်ကြားခံရသူတို့ကို စုံစမ်းခဲ့ပြီး ဇူလိုင် ၂၉ ရက်မှာ အစီရင်ခံစာတင်လာတာကြောင့် ၃၀ ရက်နေ့မှာ အစည်းအဝေးလုပ် အတည်ပြု ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ဆိုပါတယ်။

စာရွက်စာတမ်းသက်သေ၊ လူသက်သေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ချက်တွေအရ တိုင်ကြားခံရသူဟာ တိုင်ကြားသူ မလိုလား၊ မနှစ်သက်၊ စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရတဲ့ အပြုအမူတွေကို ထပ်တလဲလဲလုပ်ခဲ့တာထင်ရှားတာကြောင့် တိုင်ကြားခံရသူ ဆလိုင်းအိုက်ဇက်ခင် ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာကို အမှန်တကယ် ကျုးလွန်ခဲ့တယ်လို့ သုံးသပ်ကြောင်း ဆိုပါတယ်။

ပြီးတော့ ကျူးလွန်သူရဲ့ လုပ်ရပ်တွေဟာ နိုင်ငံရပ်ခြားတနေရာမှာ မြန်မာ့တော်လှန်ရေး အစိုးရရဲ့ရုံးမှာ တာဝန်ခံရမယ့် တာဝန်အရှိဆုံးပုဂ္ဂိုလ်ရဲ့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ တာဝန်ခံတာကင်းမဲ့မှုဖြစ်ပြီး အထူးသဖြင့် အကာအကွယ်ပေးဖို့ တာဝန်အရှိဆုံးသူက ကျုးလွန်တာ ဖြစ်လို့ လုံးဝလက်သင့်မခံရမယ့်၊ ထိထိရောက်ရောက် တုံ့ပြန်ရမယ့် ကိစ္စရပ်ဖြစ်တယ်လို့ ကော်မတီက သုံးသပ်ထားပါတယ်။

နစ်နာတာနဲ့ အခက်အခဲတွေအတွက် နစ်နာသူနဲ့ လုပ်ဖော်ကိုင်ဖက် မျက်မြင်သက်သေတွေကို သင့်လျော်တဲ့ အထောက်အပံ့အစီအမံကို နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး နောက်နောင်မှာ အလားတူဖြစ်စဉ်တွေ မပေါ်လာစေဖို့ NUG ရဲ့ ဝန်ကြီးဌာနတွေမှာ ‘လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (၂၀၂၃)’ကို အသိပညာပေးသွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနတွေမှာ တာဝန်မပေးခင်၊ အချိတ်အဆက်မလုပ်ခင် အဲဒီသူဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အမြတ်ထုတ်တာနဲ့ မဖွယ်မရာပြုမူတာကြောင့် အရေးယူခံရဖူးတာ ရှိ၊ မရှိ စိစစ်ဖို့၊ ရှိခဲ့ရင် မခန့်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013