DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကွမ်းရွက်တပိဿာ ကျပ် ၄၀,၀၀၀ အထိ ဈေးတက်
DVB
·
July 28, 2024
ရန်ကုန်တွင် ကွမ်းရွက်တပိဿာ ကျပ် ၄၀,၀၀၀ အထိ ဈေးတက်
Donate to DVB

ရန်ကုန်မြို့မှာ ကွမ်းရွက် တပိဿာကို ကျပ် ၄၀,၀၀၀ အထိ ရောက်ရှိနေပြီး ကွမ်းယာဆိုင်အချို့ အရောင်းရပ်ထားရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် ကွမ်းခင်းတွေ ပျက်စီးကုန်တာကြောင့် ကွမ်းရွက် အဝင်မရှိသလောက် နည်းသွားခဲ့ပြီး ကွမ်းရွက်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာတာလို့ သီရိမင်္ဂလာဈေးမှ ကွမ်းရွက်အရောင်းဒိုင်တွေဆီက သိရပါတယ်။

အခုလ ၂၂ ရက်နေ့မတိုင်ခင်က ကွမ်းရွက် တပိဿာကို ကျပ် ၂၁,၀၀၀ သာရှိခဲ့ပေမဲ့ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီးနောက်  ကွမ်းရွက်တပိဿာကို ကျပ် ၃၀,၀၀၀ အထိ ဈေးတက်ခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့မှာ ကျပ် ၄၀,၀၀၀ အထိ မြင့်တက်လာတာပါ။

“ကွမ်းခင်းတွေ အကုန်ရေမြုပ်ကုန်တဲ့ အခြေအနေလို့ကြားတယ်။ အခုရောက်ထားတဲ့ ကွမ်းတွေကို တမြို့လုံးက ဖောက်သည်တွေကို အချိုးကျနဲ့ ဖြန့်ပေးနေရတာ။ ကွမ်းက အဝင်မရှိသလောက် နည်းသွားပြီ” လို့ သီရိမင်္ဂလာဈေးသစ်မှ ကွမ်းဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒီလို ကွမ်းရွက်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကွမ်းယာရောင်းချသူတွေအနေနဲ့ ကွမ်းရွက်ဈေးနှုန်းကျပ် ၃၀,၀၀၀ အထိ ရောက်လာချိန်မှာ အယာအရေအတွက်ကို လျှော့ပြီး ရောင်းချရတာတွေ၊ တဆင့်နိမ့်ကွမ်းရွက်တွေ ဝယ်ယူရောင်းချရတာတွေရှိခဲ့ပြီး အခုအခါ ကွမ်းရွက်ဈေးတွေ ထပ်မံမြင့်တက်လာတဲ့အတွက် ကွမ်းအရောင်းခဏရပ်ထားရတယ်လို့ ကွမ်းယာရောင်းချနေသူတွေက ပြောပါတယ်။

“တချို့ဆိုင်တွေဆိုရင် ကွမ်းယာတယာကို ကျပ် ၁၀၀ နဲ့ ရောင်းပေးနေသေးတယ်။ မြို့ထဲက ဆိုင်တွေကတော့ မရတော့ဘူး။ ၅၀၀ ဖိုးကို သုံးယာနဲ့ပဲ ရောင်းကြတော့တယ်။ ကွမ်းရွက်ဈေးနှုန်းအပြင် ဆေးဘူးတွေရဲ့ ဈေးနှုန်းတွေကလည်း တက်နေတော့ ဆက်ရောင်းဖို့ အဆင်မပြေတော့လို့ အရောင်းရပ်ထားရတယ်” လို့ အင်းစိန်မြို့နယ်မှာ ကွမ်းရောင်းနေသူတဦးက ပြောပါတယ်။

ကွမ်းရွက်ဈေးနှုန်းတွေအပြင် ကွမ်းစားဆေးဘူးတွေထဲက တခုဖြစ်တဲ့ ၉၂ ဆေးဘူး တကတ်ဟာ ယခင်က ကျပ်‌ ၆၀,၀၀၀ လောက်သာရှိပေမဲ့ အခုအခါ ကျပ် ၈၀,၀၀၀ လောက်အထိ ရောက်ရှိတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ရန်ကုန်ကို ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေဘက်က ကွမ်းရွက်အဓိကတင်သွင်းတာဖြစ်ပြီး အခုအခါ အဆိုပါဒေသတွေမှာ နေရာအနှံ့ ရေကြီးနစ်မြုပ်တာတွေ ခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013