
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က သူဌေးချောင်းရေအားလျှပ်စစ်ဆည်မှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေလို့ ပတ်ဝန်းကျင်နဲ့ ရေဆင်းလမ်းကြောင်းကရွာတွေ ဘေးလွတ်ရာအမြန်ဆုံးရှောင်ကြဖို့ အာရက္ခတပ်တော် AA က ဒီနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲအချိန်တိုင်းတာချက်အရ ဆည်ရဲ့စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်နေတာကြောင့် အရေးပေါ် ရေဘေးအန္တရာယ် သတိပေးချက်ကို ၁၀ နာရီ မိနစ် ၄၀ အချိန်မှာ ထုတ်ပြန်လိုက်တာပါ။
ဆက်ပြီးတော့လည်း မိုးတွေ အဆက်မပြတ်ရွာပြီး ရေပိုလာနိုင်တာကိုတွေ့ရတာကြောင့် ဆည်နဲ့ အနီးဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းက ရွာတွေအနေနဲ့ နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာ နေရာတွေကို အမြန်ဆုံး ချက်ချင်းရွှေ့ပြောင်းပေးကြဖို့ အရေးပေါ် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း မိုးရွာသွန်းနဲ့ မိုးရေချိန်အမှတ်တွေကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်တဲ့အတွက် ကြိုတင်အသိပေးထားခဲ့ပြီး အခုတော့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်လို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ AA ရဲ့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြရန်ကိုလည်း အလေးအနက် တိုက်တွန်းထားပါတယ်။
သံတွဲမြို့နယ်၊ သူဌေးတိုက်နယ်ဟာ သံတွဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ AA တို့ ပထမဆုံး တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဖြစ်ပြီး လက်ရှိမှာ AA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အဲဒီစီမံကိန်းကို ၂၀၀၃ ခုနှစ်လောက်က စတင်တည်ဆောက်ခဲ့တာကြောင့် အခုဆိုရင် နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေကို ဆက်သွယ်လို့မရပါဘူး။
မိုးတွေအဆက်မပြတ်ရွာနေတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်မှာ ရေကြီးခဲ့ပါသေးတယ်။











