DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ မြစ်ရေကြီးပြီး လူပေါင်းထောင်ချီရေဘေးသင့်၊ လယ်ယာစိုက်ခင်းများပျက်စီး၊ စာသင်ကျောင်းများပိတ် 
DVB
·
July 25, 2024
ဧရာဝတီတိုင်း၌ မြစ်ရေကြီးပြီး လူပေါင်းထောင်ချီရေဘေးသင့်၊ လယ်ယာစိုက်ခင်းများပျက်စီး၊ စာသင်ကျောင်းများပိတ် 
Donate to DVB

ဧရာဝတီတိုင်းထဲက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စု  တော်တော်များများမှာ တပတ်ကျော်ကြာ  ရေကြီးရေလျှံနေပြီး လူထောင်ချီ ရေဘေး ရှောင်နေရကာ လယ်ယာစိုက်ခင်းတွေလည်း ရေမြုပ်နေတယ်ကာ စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားရပါတယ်။

သာပေါင်းမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ နှစ်တွေကထက် ရေကြီးမှုက ပိုဆိုးနေပြီး ရေဘေးရှောင်နေရတဲ့ဒေသခံတွေလည်း ပိုများလာတယ်လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇူလိုင် ၁၈၊ ၁၉ တည်းက ရေတက်တာပေါ့။ ဒီနေ့နဲ့ဆို တပတ်လောက်ရှိပြီ ဒီနေ့ ၁၅ ရက်နေ့ထိကို ရေက တက်နေတုန်းပဲ။ မနှစ်ကထက်အများကြီး ဒီနှစ်က ရေပိုကြီးတယ်။ မနှစ်က ကျနော်တို့ ရေဘေးရှောင်ရတာ ခန့်မှန်းနဲ့ဆို လူ ၂၀၀၀ လောက်ရှိတယ်ဆိုရင် အခု ၄၀၀၀ လောက်ရှိတယ်။ လယ်တွေလည်း ရေမြုပ်နေတယ်။ လောလောဆယ်တော့ ပျက်စီးမလား ဘယ်လိုဖြစ်မလဲဆိုတာ ပြောမရသေးဘူး။ စပါးခင်းတွေက အခု ၄ ရက်ကျော် ၅ ရက်ရှိနေပြီ၊ လုံးဝ ရေမြုပ်နေတာ။ လုံးဝကိုပြန်မပေါ်သေးဘူး၊ ကျနော်တို့နဲ့ တဆက်တည်း သာပေါင်းနဲ့ ဟင်္သာတဘက်မှာလည်း ရေကြီးနေတာရှိတယ်။ ဇလွန်ကလည်း ကျေးရွာအုပ်စုတော်တော်များများ ရေမြုပ်နေလို့ ကျောင်းတွေပိတ်ထားရတယ်ဆိုပြီး ကျနော့်သူငယ်ချင်းက အဲဒီလိုပြောတယ်။”

သာပေါင်းမြို့နယ်ထဲက အောင်တက်၊ လှေကြီးတက်၊ ငဝန်တောင်ကြီး၊ ရွှေတောင်ကုန်း၊ ဇီးဖြူကွင်း၊ ငှက်ပျောတော၊ မယ်ဇလီကွင်း၊ ကွင်းကောက်၊ ဘုရားကုန်း၊ သရက်ကုန်း၊ ညောင်ကုန်း စတဲ့ ကျေးရွာအများစု ရေမြုပ်နေတာဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်၊

ရေဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်လောက်က အမြင့်ပိုင်းနေရာတွေက ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ နေထိုင်နေကြပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာ ငဝန်မြစ်ရေ မြင့်တက် ဝင်ရောက်မှုကြောင့် စာသင်ကျောင်း  ၆၁ ကျောင်း ပိတ်လိုက်ရတယ်လို့ တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ငဝန်မြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်တဲ့အတွက် ရေကြည်မြို့နယ်က စာသင်ကျောင်း ၃၆ ကျောင်းနဲ့ သာပေါင်းမြို့နယ်က စာသင်ကျောင်း ၂၅ ကျောင်းကို ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်က ပိတ်လိုက်တာလို့ သိရပါတယ်။

တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူက “သာပေါင်းဘက်က ကျောင်းတွေက ၂၄ ရက်ကတည်းက ပိတ်တာလို့ သိရတယ်။ ရေကြည်ဘက်က ကျောင်းတွေကတော့ မနေ့ ၂၄ ရက်က စတင်ပိတ်လိုက်တာပါ။ ရေကြီး ရေလျှံ ဖြစ်ပြီး ကျောင်းတွေထဲ ရေဝင်လာလို့ သင်ကြားရေးအလုပ်တွေ လုပ်လို့မရလို့ ပိတ်တာပါ” လို့ ပြောပါတယ်။

မြစ်ရေမြင့်တက် ဝင်ရောက်မှုကြောင့် သာပေါင်းမြို့နယ်ထဲက အထက်တန်းကျောင်း ၂ ကျောင်း၊ မူလတန်းကျောင်း ၁၉ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်းနဲ့ ရေကြည်မြို့နယ်ထဲက အထက်တန်းကျောင်း ၂ ကျောင်း၊ မူလတန်းကျောင်း ၂၆ ကျောင်း၊ အလယ်တန်း ၈ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၆၁ ကျောင်းကို ပိတ်ထားရတာလို့ ဆိုပါတယ်။

ကျောင်းသားမိဘတယောက်က “မြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းတွေထဲ အဆမတန် ရေဝင်ရောက်နေတာ။ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ သွားလာရေး ခက်ခဲလာတယ်လေ။ အန္တရာယ်ရှိတဲ့ အခြေအနေမို့ ပိတ်တာတဲ့။ ပိတ်တာပဲကောင်းတယ်။ အန္တရာယ်ကင်းတာပေါ့။ လောလောဆယ်တော့ ထိခိုက်တာ၊ သေဆုံးတာ မရှိဘူး” လို့ ပြောပါတယ်။

သာပေါင်းနဲ့ ရေကြည်မြို့နယ်မှာ မြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်းတွေရဲ့ ပိတ်ရက်တွေကို မြစ်ရေပြန်လည်ကျဆင်းတဲ့အခါ ကျောင်းတွေပြန်ဖွင့်ပြီး အပတ်စဉ် တနင်္ဂနွေတိုင်း ပြန်လည်အစားထိုး သင်ကြားသွားမယ်လို့ သိရပါတယ်။

ရေးဘေးအတွက် တိုင်းဒေသကြီး တခုလုံး လွှမ်းခြုံကူညီနိုင်ဖို့ အသင်းအဖွဲ့တွေ စုဖွဲ့ထားပြီး လိုအပ်တဲ့နေရာတွေကို ကူညီပေးနေတယ်လို့ ဧရာဝတီတိုင်းအခြေပြု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်က  ပြောပါတယ်။

“ကျနော်တို့ အနေနဲ့တော့  ဖြစ်လာရင် ရွှေ့ပြောင်းမယ်ဆိုလည်း ရွှေ့ပြောင်းပေးတာ တခြားသဘာဝဘေး ဖြစ်လာရင်လည်း ကူညီကယ်ဆယ်ဖို့အတွက်တော့ အသင့်စုဖွဲ့ထားတာပေါ့။ လက်ရှိအနေအထားမှာတော့ မြို့ပေါ် နီးစပ်ရာလောက်ပဲဗျ။ ကျန်တဲ့အဝေးနေရာတွေကျတော့ ကျနော်တို့ ရေလမ်း ခရီးလည်းဖြစ်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းပေးတာတွေ များတယ်။ ကူညီလို့ရတဲ့အပိုင်းတွေကို ကူညီဆောင်ရွက်ပေး သွားမှာပါ။”

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရေထရက်ကျော်သွားပြီဖြစ်ပေမဲ့ နုန်းတင်မြေနုတွေကြောင့် မြစ်ရေကျဆင်းမှုက နှေးကွေးနေတဲ့အတွက် ရေကြီးမှုတွေက ဆက်ရှိနေတာဖြစ်ပြီး ဒုတိယဒီရေတက်ချိန်နဲ့ ထပ်မံ တိုက်ဆိုင်လာရင် ရေပြန်တက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပါတယ်။

“အခုရေထရက်ကိုတော့ ကျော်ပြီ ပင်လယ်ထဲကိုတော့ ရေစီးနှုန်းက ကောင်းကောင်း စီးနိုင်နေပြီ။ သို့သော် မြစ်ဝကျွန်းပေါ်ဒေသမှာ ရှိတဲ့ မြစ်တွေချောင်းတွေက နဂိုကတည်းကိုက နုန်းတင်မြေနုတွေနဲ့ သောင်တင်တွေနဲ့ ရေစီးနှုန်းက နဂိုကတည်းကိုက နှေးဖို့ ဖန်တီးထားသလိုဖြစ်နေတာဆိုတော့ ဒီရေဆင်းနှုန်းသည် ဆက်ပြီးတော့ သွားနေမယ်။ သို့သော် နှေးနေမယ်၊ ဒုတိယရေကြီးကာလ မဆက်သေးဘူးဆိုရင်တော့ ရေပြန်ကျသွားနိုင်တယ်၊  ဒုတိယရေကြီးကာလနဲ့ ဆက်လာမယ်ဆိုရင်တော့ ရေပြန်တက်လာနိုင်တယ်။”

လက်ရှိအချိန်ထိ ဧရာဝတီတိုင်းထဲက ရေကြည်၊ မအူပင်၊ကြံခင်း၊ ပန်းတနော်၊ မြန်အောင်၊ လေးမျက်နှာ၊ မိုးညိုနဲ့ သာပေါင်းမြို့နယ်တွေမှာလည်း မြစ်ရေတက်ပြီး ရေကြီးရေလျှံနေပါတယ်။

ဒါ့အပြင် ဟင်္သာတမြို့မှာ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အိပ်ပျက်ကျေးရွာအုပ်စုက လူနေအိမ် ၁၅၀ ထက်မနည်းပြောင်းရွှေ့ ခဲ့ရသလို ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်မှာလည်း ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် လယ်ဧက ၂၀၀၀ လောက် ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကြောင့် ဇူလိုင် ၃၀ ရက်အထိ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ မိုးရွာသွန်းမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။

ဝေဝေ/ CJ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013