
ဧပြီ ၂၅ ရက်ကနေ မေ ၁ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတချို့မှာ နေ့အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ခံစားရနိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လာမဲ့ရက်သတ္တပတ်အတွင်း နေ့အပူချိန်မြင့်တာနဲ့အတူ လေထုထဲမှာ စိုထိုင်းဆများတာနဲ့အတူ အပူပျံတက်တိမ်တွေကြောင့် ပြင်ပက အမှန်တကယ်အပူချိန်ထက်ပိုပြီး ခန္ဓာကိုယ်မှာ ပူပြင်းမှု ဒဏ်ကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် လာမဲ့တပတ်အတွင်း စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ မကွေးမြို့၊ ရန်ကုန်မြို့နဲ့ ပဲခူးမြို့တို့မှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့အထက်ကိုရောက်နိုင်ပြီး လူတွေခံစားရမဲ့အပူချိန်ကတော့ ၄၂ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နေ့အပူချိန်အမြင့်ဆုံးဖြစ်တဲ့ နေ့လယ်နေ့ခင်းအချိန်တွေမှာ နေရောင်အောက်မှာ အလုပ်လုပ်ကိုင်တာကို လျှော့ချတာ၊ ပွပွချောင်ချောင်အဝတ်အထည်တွေကို ဝတ်ဆင်တာ၊ အပြင်ကို မဖြစ်မနေ သွားရောက်ဖို့လိုရင် နေရောင်ခြည်ကာကွယ်နိုင်တဲ့ ထီး၊ ဦးထုပ်၊ နေကာ မျက်မှန်တို့ကို သုံးပြီး နေရောင်ကာလိမ်းဆေးကိုလည်း လိမ်းကြဖို့ အကြံပြုထားပါတယ်။
ပြီးတော့ ရေများများသောက်ဖို့၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေစားဖို့၊ ဆေးလိပ်နဲ့ အရက် သောက်သုံးတာကို လျှော့ဖို့၊ သက်ကြီးရွယ်အိုတွေကို အေးပြီး အရိပ်ရတဲ့နေရာတွေမှာ နေထိုင်စေဖို့ကိုလည်း အကြုံပြုပါတယ်။
ကမ္ဘာ့မိုးလေဝသ ဝက်ဘ်ဆိုက် Aldorado ရဲ့ ထုတ်ပြန်ချက်အရ ချောက်မြို့ဟာ ဒီနေ့ အပူချိန် ၄၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံး နံပါတ် ၈ မြို့အဖြစ် ရှိနေပါတယ်။











