DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ထိုက်တန်သည့် နစ်နာကြေးပေးရန် စက်ရုံကသဘောတူ
DVB
·
July 24, 2024
မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ထိုက်တန်သည့် နစ်နာကြေးပေးရန် စက်ရုံကသဘောတူ
Donate to DVB

ထိုင်းနိုင်ငံ မဟာချိုင်မှာ အလုပ်လုပ်နေတဲ့  မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ကြိုတင်အကြောင်းမကြားဘဲ စက်ရုံပိတ် အလုပ်ထုတ်ခဲ့တဲ့ စက္ကူစက်ရုံက ထိုက်တန်တဲ့ နစ်နာကြေးပေးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာရှိတဲ့ စက္ကူစက်ရုံတခုက ကြိုတင်အသိပေးတာမရှိဘဲ ဇူလိုင် ၁၉ ရက်မှာ ပိတ်သိမ်းကြောင်းပြောလာတဲ့အတွက် မြန်မာအလုပ်သမား ၃၈၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့တာပါ။

ဇူလိုင် ၂၄ ရက်မှာတော့  ထိုင်းဥပဒေနဲ့အညီ ထိုက်တန်တဲ့ နစ်နာကြေးပေးမယ်လို့ စက်ရုံဘက်က သဘောတူညီရရှိလာတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက DVB ကို ပြောပါတယ်။       

“အခုအလုပ်ရုံဘက်က ဒီနေ့မှာ သတင်းကောင်းကြားရတယ်ပေါ့။ တနှစ်ကနေ ၂ နှစ်သမားတွေအထိကို ၃ သောင်းအထက်ရတယ်၊ ၃ နှစ်ကနေ အလုပ်သမားတွေဆို ၆ သောင်းကျော်အထိ ရတယ်၊ အဲဒီလိုမျိုး ထိုင်းဥပဒေပါအတိုင်း နစ်နာကြေးတွေကို ခံစားခွင့် ရတယ်။ ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့ ကျနော်တို့ MHAC မဟာမိတ်အဖွဲ့နဲ့အတူ အားလုံးရှေ့မှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို လာမယ့် ၅ ရက်နေ့မှာ ဒီလုပ်အားခတွေ ပေးမယ်ပေါ့။ ထိုင်းနိုင်ငံက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာတဲ့အနေအထားမှာ အလုပ်ရှင်ဘက်ကလည်း ဒါတွေကို စောင့်ကြည့် သိပြီးတော့ ရုတ်တရက် တိုးပေးလာတယ်ပေါ့။ ပြဿနာမတက်ချင်ဘူး၊ အလုပ်သမားတွေကနေ တိုင်တာ တောတာ မဖြစ်ချင်ဘူးဆိုတော့ တိုးပေးလာတဲ့ သဘောပေါ့။”

လာမယ့် ဩဂုတ် ၅ ရက်နေ့မှာ လစာနဲ့အတူ နစ်နာကြေးတွေပေးမယ်လို့ သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့ အလုပ်သမား ၃၈၀ နီးပါးထဲမှာ လုပ်သက် ၁ နှစ်ကနေ ၃ နှစ်ကျော်ရှိတဲ့အလုပ်သမားတွေ ပါဝင်ပြီး နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာတဲ့ MoU အလုပ်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်ထိကတော့ MOU အလုပ်သမားတွေအတွက် မြန်မာနိုင်ငံဘက်က အလုပ်သမားစေလွှတ်ထားတဲ့ အေဂျင်စီတွေက လာရောက်ညှိနှိုင်းပေးတာ မရှိသေးဘူးလို့ ကိုရဲမင်းက ဆက်ပြောပါတယ်၊

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတော့ လက်ရှိ နစ်နာကြေးကို ကျေနပ်မှုရှိပြီး နောက်ထပ် ကောင်းမွန်တဲ့ အလုပ်တခုရဖို့ ဆန္ဒရှိတယ်လို့ စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင်ဖြစ်သူက ပြောပါတယ်၊

“MHAC ကိုရဲမင်းတို့နဲ့ မတိုင်ပင်ခင် ကျနော်တို့ဆီကို ထွက်လာတဲ့ သတင်းတွေက တနှစ်ကို တသောင်း၊ ၂ နှစ်ကို ၂ သောင်း၊ ၃ နှစ်ကို ၃ သောင်း၊ ၃ နှစ်အထက်လည်း ၃ သောင်းပဲဆိုပြီး စက်ရုံက ပြောလာတယ်။ အခုလိုမျိုးပေးလာတော့လည်း အကုန်လုံးက ကျေနပ်မှုရှိကြပါတယ်။  အဲတာကလည်း MHAC က ကိုချစ်မင်းထက်နဲ့ ကိုရဲမင်းတို့အဖွဲ့က ကျေးဇူးတွေကြောင့် အများကြီးပါတယ်။ လူကြီးတွေ အများကြီး ကူညီထားတယ်ဆိုတာ ကျနော်တို့လည်း အခုလို ပြောင်းသွားတော့မှ အလုပ်သမားတွေအားလုံးလည်း ဝမ်းသာကြပါတယ်။ သူတို့ကတော့ ပိုက်ဆံရတာထက် ဘတ်ဂျက်ကို ကောင်းကောင်းလေး လိုချင်တယ်၊ စက်ရုံကောင်းကောင်းလေးမှာ ပြန်ပြီးတော့ အေးဆေး စမတ်ချင်တယ် အဲတာပါပဲ။”

မြန်မာအလုပ်သမားတွေရဲ့ အကူအညီတောင်းခံလာမှုကြောင့် MHAC မဟာမိတ်အဖွဲ့နဲ့ NUG အလုပ် သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့အတူ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်ရုံဘက်က တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အတွက်  အခုလို သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

စက္ကူစက်ရုံက မဟာချိုင်ကနေ တခြားမြို့တခုကို ပြောင်းဖွင့်ရမှာဖြစ်လို့ အခုလို ရုတ်တရက်ပိတ်သိမ်းဖို့ ဖြစ်လာတာဖြစ်ပြီး မြန်မာအလုပ်သမားအများဆုံးရှိတဲ့စက်ရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013