DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကုန်သွယ်ရေး ကုန်သည်များ အခက်ကြုံ 
DVB
·
July 23, 2024
ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကုန်သွယ်ရေး ကုန်သည်များ အခက်ကြုံ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းခရီးကနေ လုပ်ဆောင်တဲ့အတွက် ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေတဲ့အပြင် ငွေလဲလှယ်ရာမှာလည်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  ကုန်သည်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေနဲ့ ကုန်သည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအခြေအနေကြောင့် ဧပြီလကစတင်ပြီး စစ်ကောင်စီက ရေလမ်းကနေ ရန်ကုန်-ကော့သောင်း- ရနောင်းလမ်းကနေ ကွန်တိန်နာနဲ့ ကုန်သွယ်ဖို့ ခွင့်ပြုခဲ့ပေမဲ့ မိုးလေဝသ အခြေအနေတွေကြောင့် ပျက်စီးဆုံးရှုံးမှာ စိုးရိမ်နေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “ရေလမ်းကတော့မသွားကြဘူး။ မိုးလေဝသအခြေအနေနဲ့ဆိုတော့ ပိုဆိုးတာပေါ့။ ပျက်စီးဆုံးရှုံးမှာကြောက်တယ်လေ။ ကော့သောင်း- ရနောင်းဘက်တော့ ဘယ်သူမှ မသွားကြဘူး။ ကုန်သည်တွေက ရေလမ်းကို စိတ်မချဘူး။ သူတို့ပစ္စည်းတွေ တခုခု ဖြစ်မှာကြောက်တယ်။ စိတ်မချတော့ ကုန်သည်တွေက မသွားချင်ဘူး” လို့ ပြောပါတယ်။

ထိုင်းသတင်းတွေမှာတော့ မြန်မာနိုင်ငံဘက်ကို ထိုင်းနိုင်ငံထွက်ကုန်တွေ ရန်ကုန်-ကော့သောင်း- ရနောင်းလမ်းကနေတဆင့် တင်ပို့မှု ပိုများလာတယ်လို့ ရေးသားဖော်ပြကြပါတယ်။  

ရန်ကုန်-ကော့သောင်း- ရနောင်းလမ်းကနေ ကွန်တိန်နာနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာ ပို့ကုန်အနေနဲ့ မြန်မာနိုင်ငံကနေ ပြောင်း၊ ကော်စေ့နဲ့ သန့်စင်ပြီးသတ္တုရိုင်းတွေတင်ပို့ပြီး ထိုင်းနိုင်ငံကနေ အလှကုန်၊ စားသောက်ကုန်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တင်သွင်းနေတာပါ။

နယ်စပ်ကုန်သည်တွေအနေနဲ့ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေလဲလှယ်ရာမှာလည်း ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “ပို့ကုန် သွင်းကုန်နဲ့ ပတ်သက်ရင်တော့ သွင်းကုန်အပိုင်းတွေ အကုန်လုံးကတော့ လုံးဝအဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်ထဲကို ပြန်ဝင်လာတဲ့ ပိုက်ဆံတွေအပေါ်မှာ သူက တဘတ်ကို ၉၉ ကျပ်ပဲ ပေးမယ်။ အပြင်ပေါက်ဈေးက ၁၃၇ ကျပ်ရှိတယ်။ အဲလိုဖြစ်နေတယ်။ ပို့ကုန်မပို့နိုင်ဘူးဆိုရင် သွင်းကုန်သွင်းဖို့ကျတော့  လိုင်စင်ပြန်လျှောက်ဖို့လည်း မလွယ်ဘူး။ ခက်ခဲတဲ့အပိုင်းတွေက အများကြီးပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းစတဲ့ နယ်စပ်တော်တော်များများမှာ စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီး ကုန်စည်ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘဏ်စနစ်၊ စက်သုံးဆီ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍာတွေက အခက်အခဲတွေ ကြုံနေရတာကြောင့် စားသုံးသူပြည်သူတွေဟာ အခက်အခဲတွေ ပိုမိုရင်ဆိုင်ရဖို့ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။  

ကုန်သည်တဦးက “စစ်ရေးနယ်မြေတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့အပေါ်မူတည်ပြီး စားသုံးသူပြည်သူတွေဟာ အခက်အခဲတွေ ပိုမိုရင်ဆိုင်ရဖို့ရှိတယ်။ ဘဏ်စနစ်၊ စက်သုံးဆီ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍာတွေက အခက်အခဲတွေ ကြုံနေရတာကြောင့် ပြည်သူလူထုတွေအနေနဲ့ နိုင်ငံရေးကိုမျက်ခြေမပြတ် စောင့်ကြည့်ဖို့လို့တယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာ၊ ဒေါ်လာဈေးမြင့်တက်တာ၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ- ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်တွေကနေ ကုန်သွယ်မှုပြုလုပ်နေတာပါ။ 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအထိ ကော့သောင်း-ရနောင်းကနေ ပို့ကုန်ဒေါ်လာ ၃၇ သန်းကျော်၊ သွင်းကုန်ဒေါ်လာ ၂၂ သန်းကျော်ရရှိပြီး မြဝတီနယ်စပ်ကနေ ပို့ကုန်ဒေါ်လာ  ၃၀ သန်းကျော်၊ သွင်းကုန်ဒေါ်လာ ၃၃ သန်းကျော်ရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013