DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာတပ်စခန်းက စစ်သားနှင့် ပျူစောထီး ၅ဝ နီးပါးဖမ်းဆီးရမိ
DVB
·
July 20, 2024
စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာတပ်စခန်းက စစ်သားနှင့် ပျူစောထီး ၅ဝ နီးပါးဖမ်းဆီးရမိ
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၈  ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အယောက် ၅၀ နီးပါး ဖမ်းဆီးရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂၅ ရက်နေ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ပြီး စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်ဦးစီးအဖွဲ့က ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကင်းစင်သွားတဲ့ စဉ့်ကူးမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူတဲ့ မြို့ဖြစ်လာတယ်လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်သားနဲ့ ပျူတွေတပ်စွဲနေတဲ့ ထုံးကြီးစခန်းကို အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ စစ်ကောင်စီတပ်ဘက်က အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေဟာ ရွာသာယာရွာက သူတို့စစ်တပ်စခန်းဘက်ကို ထွက်ပြေးသွားကြတယ်။ ဒါပေမယ့်စစ်သားနဲ့ပျူ ၅၀ နီးပါး ဖမ်းဆီးရမိခဲ့တဲ့အတွက် အခုစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ဇူလိုင် ၁၆ ရက်နေ့မှာ ထုံးကြီးကျေးရွာရဲ့အရှေ့ဘက်က ရေတော်ကျေးရွာပျူစောထီးစခန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထုံးကြီးစခန်းကို ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းကနေစတင်တိုက်ခိုက်ခဲ့ကာ ဇူလိုင် ၁၈ ရက်နေ့မနက်ပိုင်းမှာတော့ အပြီးသိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အခု သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီရဲ့ထုံးကြီးစခန်းက သူတို့အတွက် သိပ်အရေးပါတဲ့စခန်းတခုဖြစ်တယ်။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကမှ ရဟတ်ယာဉ်တွေနဲ့ လက်နက်တွေပို့ထားခဲ့တာလို့ သိရတယ်ဗျ။ အရင်ရက်ကတည်းက စခန်းသိမ်းဖို့လုပ်နေတုန်း မြစ်ရေတက်လာလို့ ရက်ကြာသွားရတာ။ ကျနော်တို့လုပ်ငန်းတွေမပြီးသေးလို့ သတင်းမထုတ်ပြန်ပေးသေးတာပါ” လို့ ​ပြောပါတယ်။

တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ထုံးကြီးစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အရင်လပိုင်းတွေမှာ ပတ်၀န်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်လို့ ပြည်သူတွေထိခိုက်သေဆုံးရတဲ့အထိဖြစ်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013