DVB Logo
Home
Lead Story
၃၂ နှစ်သား ဒီဗွီဘီ (သတင်းဆောင်းပါး)
DVB
·
July 19, 2024
၃၂ နှစ်သား ဒီဗွီဘီ (သတင်းဆောင်းပါး)
Donate to DVB

ကာတွန်းများနှင့်

ပြတ်သားရုပ်ပုံ

သတင်းစုံလျက်

ဒီဗွီဘီသတင်းကြည့်ရခြင်းက

ရင်တွင်းချမ်းမြေ့ရပါသည်။ ။

မှတ်တမ်းတွေအရ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ က ရေဒီယိုအသံလွှင့်အစီအစဥ်နဲ့ နော်ဝေနိုင်ငံကနေ စခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ဟာ ၂၀၀၅ မေ ၂၅ မှာ ရုပ်သံအဖြစ် တိုးချဲ့ခဲ့တယ်လို့ သိရပါတယ်။

ရေဒီယိုနဲ့စခဲ့နဲ့ ၉၂ ခု ဇူလိုင် ၁၉ ကစတဲ့ ဒီဗွီဘီ သတင်းဌာနဟာ အခုနှစ် ၂၀၂၄ ဇူလိုင်လ ၁၉ မှာ ၃၂ နှစ်သား ဖြစ်ခဲ့ရပါပြီ။

ဒီဗွီဘီသတင်းဌာနဘက်က အခက်အခဲတွေ၊ နူးညံ့မှုတွေ၊ ကြမ်းတမ်းခက်ထော်မှုတွေကို ခံစား စံစားခဲ့ကြတဲ့ ဒီဗွီဘီ ဝိုင်းတော်သားတွေသာ အသိဆုံးဖြစ်မယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ ဒီဗွီဘီသတင်းကို စွဲစွဲမြဲမြဲ နေမကောင်း မထနိုင်ချိန်နဲ့ ခရီးသွားနေစဥ်ကလွဲလို့ တစိုက်မတ်မတ် ကြည့်ခဲ့သူရဲ့ ခံစားမှုကို ပြောချင်တာပါ။

၂၀၀၅ လောက်က ရုပ်သံတွေစထုတ်တော့ အစပိုင်းက ၈ ပေစလောင်းရှိတဲ့အိမ်ကလူကို မျက်နှာချိုသွေးကာ တိုးတိုးတိတ်တိတ်ကြည့်ရင်း ပီတိတွေဖြစ်ခဲ့ရသလို အချိန်နည်းလို့ အားမလိုအားမရ ဖြစ်ခဲ့တယ်။ အဲတုန်းက တခုကောင်းတာက အားတဲ့အချိန် သွားကြည့် ရတယ်။ Auto repeat ထားတော့ တမျိုးအဆင်ပြေတယ်။ နေပြည်တော် ဥမင်အကြောင်း အခုခေတ်အခေါ် ဖရဲသီးသတင်းမျိုး ကြည့်ရတာလည်း ကြက်သီးတွေထပြီး သတင်းလိုက်တော်လို့ ကြည့်နေသူချင်း လက်တို့ ချီးမွမ်းရတာလည်း အမောပေါ့။

အခုခေတ်ကတော့ ဆဲလ်ဖုန်းတလုံးရှိရင် အကုန်ပြန်ရှာကြည့်လို့ရတဲ့ခေတ်ပါ။ ဒါပေမဲ့ ရင်ခုန်ခံစားရတာခြင်း မတူဘူးလို့ ဆိုချင်ပါတယ်။

မှတ်မိနေသေးတာက ဒေါ်အေးအေးမွန်ရဲ့ သတင်းကြေညာဟန်၊ ကျနော်မောင်တူးပါရဲ့အသံ၊ နေဇော်နိုင်ရဲ့ ကျနော်ဆွဲဖွင့်မိသောတံခါးများ၊ မသီတာရဲ့ ပေးစာပြန်စာ၊ ကိုပီတာအောင်နဲ့ မိုးမြင့်ဇင်ရဲ့ အင်တာနက်ကဏ္ဍမှာဆိုရင် မိုးမြင့်ဇင်ရဲ့ ကိုပီတာရေ့ ဆိုပြီး အစချီတဲ့ဟန်တွေ အသံတွေက နားထဲစွဲနေတုန်းဆိုရင် လွန်မလားပဲ။ တကယ်တော့ မလွန်ပါဘူး။ အသက်အရွယ်အရ တခြား အမည်မမှတ်မိတဲ့ ဝိုင်းတော်သားတွေ ရှိပါသေးတယ်။ ဒီဗွီဘီ ဒီဘိတ်ကို စခဲ့သူ သန်းဝင်းထွဋ် ကနေ ဒီဘက်ခေတ် နေသွင်ညိဏ်းအထိပေါ့။

နအဖက သူပုန်မီဒီယာလို့ ကင်ပွန်းတပ်ထားချိန်က တိုးတိုးတိတ်တိတ် ကြည့်ရသလို တီဗီစက်ကလည်း အခုခေတ်လောက် လူများများ မဝယ်နိုင်ကြဘူး။ လျှပ်စစ်မီးက အလှည့်ကျ၊ ၈ ပေစလောင်းဆို ဝေးရောပေါ့။ မီးလာရင် အင်ဗတ်တာနဲ့ ဘက်ထရီအားသွင်းထား၊ ချန်ဂင် ဂွီထောက် ကိုရီးယားဇာတ်လမ်းတွဲတွေကြားထဲက ၈ ပေစလောင်းဆီ ပြေးရတဲ့ ကာလတွေပေါ့။

တကယ်တော့ ကိုယ်တွေက လူမှုဒုက္ခတွေနဲ့ မွန်းကြပ်နေချိန် စစ်အစိုးရကို ခါးသီးစွာ ကြိတ်ခံနေရတဲ့ နယ်မှာနေသူတွေရဲ့ စိတ်ထွက်ပေါက်ဟာ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ သတင်းတွေပါပဲ။

ရေဒီယိုသတင်းတွေထက် ရုပ်သံအားကောင်းလာချိန်မှာ ပိုလို့ ယုံကြည်စွာ အားပေးကြတာ တွေ့ရပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ဒီဗွီဘီ ၃၁ နှစ်မြောက်မှာ ဆရာမောင်တူး ရေးခဲ့တဲ့ ဆောင်းပါးအပိုဒ်လေး ကူးယူ ဖောက်သယ်ချပါရစေ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဗွီဘီ ဆက်စပ်မှုတွေကြားထဲမှာ ရေဒီယိုအင်တာဗျူးတွေ၊ တီဗွီအင်တာဗျူးတွေ ရှိခဲ့ကြတာပေါ့။ ရန်ကုန် NLD ဌာနချုပ်မှာ ဒီဗွီဘီက သီးသန့် အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေခရီးစဉ်မှာလည်း ဒီဗွီဘီ ဒါရိုက်တာ ကိုအေးချမ်းနိုင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့ဖူးတယ်။ ဒီလိုတွေရှိခဲ့ပေမဲ့ ကျနော် အမှတ်တရ ရှိနေတာက ၁၉၉၅ ခုနှစ်က NLD ရဲ့ ပြည်နယ်နဲ့ တိုင်း ၁၄ ခုလုံးက ခေါင်းဆောင်တွေ အားလုံးနဲ့ တပြိုင်တည်းတွေ့ဆုံပွဲမှာ သူတို့အားလုံး DVB ရေဒီယိုကို အလုပ်တခုအနေနဲ့ နေ့စဉ် နားထောင်ဖို့ ဒေါ်စုက တိုက်တွန်းပြောဆိုခဲ့တာပါ။ သိကြတဲ့အတိုင်း စစ်တပ်က သူ့ကို အကျယ်ချုပ်ဖမ်းထားရာက ၁၉၉၅ မှာ ပြန်လွှတ်တယ်။ ဒီမှာ ပြည်နယ် တိုင်း ၁၄ ခုစလုံးက NLD ဦးဆောင်အဖွဲ့တွေ (၁၀၀ ကျော်မယ်ထင်တယ်) ဆုံတွေ့ကြတော့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဥက္ကဋ္ဌက စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက ကျနော်တို့ ဘာလုပ်ကြရမလဲလို့ မေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက “ရေဒီယိုတွေ နားထောင်ကြပါတဲ့။ ကျမဆိုရင် အကျယ်ချုပ်ထဲမှာ ထရန်စစ္စတာ ရေဒီယိုတလုံးနဲ့ BBC, VOA နဲ့ DVB နေ့တိုင်း နားထောင်တယ်” ဆိုပြီး ပြောလိုက်တယ်။

အဲဒီအခါ တက်ရောက်လာသူ NLD အဖွဲ့ဝင်တွေက “BBC, VOA ကတော့ ဟုတ်ပါပြီ။ DVB က ဘာလဲလို့ မေးကြတယ်။”

ဒေါ်အောင်ဆန်းစုကြည်က “DVB ဒီမိုကရက်တစ်မြန်မာ့အသံလေ (Democratic Voice of Burma) ကျမ ညတိုင်း နားထောင်တယ်” လို့ ဖြေလိုက်တယ်။ နောက်ပိုင်း သူဆက်ပြောတာက DVB က တခြားရေဒီယိုတွေနဲ့ မတူဘူး။ သတင်းသက်သက်၊ နိုင်ငံရေး၊ တော်လှန်ရေးသက်သက်တွေ လွှင့်ထုတ်တင်ဆက်တာတဲ့၊ NLD အဖွဲ့ဝင်တွေဟာ သတင်းတွေ စုဆောင်းပြီး တယ်လီဖုန်းတွေနဲ့ DVB ကို ပို့ရမယ်တဲ့၊ ဒါမှ ကိုယ့်ဒေသကသတင်းကို တနိုင်ငံလုံးသိမယ်။ သူများဒေသ မြို့နယ်တွေက သတင်းတွေလည်း ကိုယ်သိရမယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည် အဲသည်လို ပြောပြီးနောက်ပိုင်း NLD အဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေဟာ DVB သောတရှင်တွေ ဖြစ်လာတယ်။ သူတို့က သတင်းတွေရှာပြီး (ဖုန်းခ အကုန်ခံပြီး) ပို့လာကြတော့ လစာမရတဲ့ ဒီဗွီဘီသတင်းထောက်တွေ (လစာမရ ကိုယ့်ဘာသာကိုယ်ပို့) တွေ ဖြစ်လာကြတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းမှုနဲ့ ဖြစ်လာရတဲ့ DVB နဲ့ ဆက်စပ်မှု သမိုင်းတစပေါ့။ အဲဒီအချိန်တုန်းက ဒီဗွီဘီကို ဖုန်းနဲ့ နေ့စဉ်လိုလို သတင်းပို့သူတွေထဲမှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ၈၈ မျိုးဆက်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ နောက်ထပ်လည်း အများကြီး ရှိပါသေးတယ်။ ထင်ရှားသူတဦးကတော့ ကဗျာဆရာကြီး တင်မိုးပါ။ ဆရာကြီးတင်မိုးနဲ့ ဒီဗွီဘီရဲ့ သမိုင်းကိုလည်း မေ့မထားသင့်ဘူးပေါ့။

(မောင်တူး ၃၁ နှစ်ပြည့် အမှတ်တရဆောင်းပါးမှ)

တဆက်တည်း ကိုယ့်အတွေး ကိုယ့်အမြင် ပြောရရင် အခုခေတ်စားနေတဲ့ CJ ကားလုံးဟာ Citizen Journalist ဒီဗွီဘီက ပြည်သူပြည်သားသတင်းသမားများဆိုပြီး ကင်ပွန်းတပ် ဖိတ်ခေါ်ခဲ့လို့ အဲဒီကဏ္ဍကနေ သတင်းသမားဖြစ်သူ သွေးသစ်တွေလည်း များစွာရှိတာ တွေ့ရပါတယ်။

နယ်သတင်းတွေမှာ ကျနော် မင်းညိုပါ ဆိုတဲ့ သတင်းစကားသံက ဆက်လက်ကြားနေဆဲမို့ ဝမ်းသာရသလို အသံတွေ ထွက်မလာနိုင်တော့တဲ့ သတင်းသမားတွေလည်း ဝမ်းနည်းစွာ မကြားရတာ ကြာပေါ့။

အနှစ်ချုပ်ရရင်တော့ ပြည့်နား ပြည့်မျက်စိ ပြည့်ပါးစပ် ဖွင့်ပေးနေတဲ့ ဒီဗွီဘီ မြန်မာ့အသံနဲ့ ဝိုင်းတော်သားတွေကို အားပေးလျက်ရှိနေတဲ့ အမာခံပရိသတ် များစွာရှိနေတာက သက်​သေပါပဲ။

အကြောင်းအမျိုးမျိုးနဲ့ ဒီဗွီဘီမှာ မတွေ့မိတော့တဲ့သူတွေ နောက်ကွယ်ကနေ စီစဥ်ညွှန်ကြားနေသူတွေ ရှိနေကြအုံးမယ်လို့ မှန်းဆ သိနိုင်ပေမဲ့ ၂၀၂၁ မအလ အာဏာသိမ်းပြီးချိန်မှာလည်း လတ်တလော အဆင်ပြေသလို သတင်းတင်ဆက်ခဲ့တာတွေလည်း မှတ်တမ်းတင်စရာပါ။ အားသစ်လောင်း လူသစ်တွေနဲ့ ဒီဗွီဘီက ဆက်လက်ချီတက်နေဆဲလို့ ယုံရပါတယ်။

၃၂ နှစ်ဆိုတဲ့ အရွယ်ဟာ အားကောင်းမောင်းသန်အရွယ်မို့ ရှေ့ဆက် ပိုပြီး ထိမိတဲ့ သတင်းတွေအပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အထိ တက်ကြွစွာ ထမ်းလိမ့်မယ်လို့ ယူဆမိသလို တိုက်တွန်းနှိုးဆော်ပါတယ်။

ဒေးဗစ်ထန်း

ဆက်စပ်ဆောင်းပါး

DVB ရေဒီယိုမှသည် ယနေ့ ရုပ်သံခေတ်သို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013