
၁။
သစ်ကိုင်းတချို့ကိုလက်နှင့်ဖယ်ပြီး လူတယောက်က ကျနော့်ကိုပြုံးပြရင်း ကျနော်တို့ပုန်းခိုနေရာကို တိုးဝင်လာသည်။ ပထမတော့ မည်သူရယ်လို့ ကျနော်မသိ။ “ ဆရာနေကောင်းရဲ့လား” ဟု မေးရင်း ကျနော်တို့ဘေးဝင်ထိုင်မှ ချက်ချင်း သူ့ကိုမှတ်မိသွားသည်။
“ကိုမောင်ဝင်း ဘယ်တုန်းကပြန်လာတာလဲ”ဟု ကျနော်ကမေးတော့ သူက “မနေ့ကပဲ ပြန်ရောက်တာဆရာ” ဟု ကိုမောင်ဝင်းက ပြန်ဖြေ၏။
ကိုမောင်ဝင်းက တလိုင်းကရင်ရွာသားဖြစ်သည်။ လွန်ခဲ့သည့် ဆယ်ရက်ကျော်က ကိုမောင်ဝင်းနှင့် ကျနော် DVB အတွက် အင်တာဗျူးလုပ်ခဲ့သည်။ တပ်မဟာ ၁ သို့ ဆင်းကာနီးအချိန် ဗိုလ်သိန်းစိုး ခေါ်လာတွေ့ပေးသဖြင့် မာနယ်ပလောတွင် ကိုမောင်ဝင်းနှင့် တွေ့ခဲရ၏။ ထိုစဉ်က ကိုမောင်ဝင်းက နအဖစစ်တပ်စခန်းမှ လိုက်လံဖမ်းဆီးသဖြင့် မာနယ်ပလောအထိ ထွက်ပြေးလာခြင်းဖြစ်သည်။ ကိုမောင်းဝင်းထံတွင် စကားပြောစက်ရှိသည်ဟုစွပ်စွဲကာ နအဖစစ်တပ်က သူ့ကိုဖမ်းဖို့ လုပ်ခြင်းဖြစ်သည်။ ကိုမောင်ဝင်းမှာ တလိုင်းကရင်ရွာမှ ထွက်ပြေးပြီး မာနယ်ပလောသို့ ရောက်လာခြင်းဖြစ်သည်။ ကျနော်က ကိုမောင်ဝင်းနှင့် အမေးအဖြေလုပ်ရ၏။ ကိုမောင်ဝင်းနှင့် လုပ်ထားသော အင်တာဗျူးကို တာဝန်ခံထံအပ်နှံပြီးမှ ကျနော်လည်း တပ်မဟာ ၁ သို့ ဆင်းလာခြင်းဖြစ်သည်။ DVB တာဝန်ခံက ကိုမောင်ဝင်း၏ အင်တာဗျူးကို နော်ဝေသို့ အမြန်ပို့မည်ဟုတော့ ကျနော့်ကိုပြော၏။
ယခု ကိုမောင်ဝင်းပြန်လာခြင်းမှာ မာနယ်ပလောနှင့် သိပ်မဝေးသော သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းတခုတွင်နေရန် ကျန်ခဲ့သည့် ဇနီးဖြစ်သူအား ပြန်လာခေါ်ခြင်း ဖြစ်သည်ဟုသိရ၏။ ကျနော်တို့သုံးယောက် ခေတ္တပုန်းခိုနေရာကိုသိသဖြင့် လာတွေ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ကိုမောင်ဝင်းနှင့်အတူ ‘တလိုင်းကရင်ရွာသူကြီး ဦးအုန်းမောင်’ ဆိုသူလည်း ပါလာ၏။ ဦးအုန်းမောင်မှာ KNU မှခန့်ထားသော သူကြီးဖြစ်ပြီး ရွာထဲတွင်နေမရဘဲ တောထဲတွင် နေရသူဖြစ်သည်။ ဦးအုန်းမောင်တွင် စကားပြောစက်ပါလာ၏။ သူလွယ်ထာသော လွယ်အိပ်ထဲက တဂျစ်ဂျစ်မြည်သံကြားရ၏။ တပ်မဟာ ၁ တော်လှန်ရေးတပ်များ ကျေးရွာများ နအဖ စစ်တပ်ကို ကောင်းကောင်းရင်ဆိုင်နိုင်နေသည်မှာ သည်လမ်းလျှောက်စကား ပြောစက်များကြောင့်ဟုပင် ပြောသံ ကြားခဲ့ရ၏။ ထိုစဉ်က နအဖစစ်တပ် ဆက်သွယ်ရေးစက်များမှာ သယ်ယူရ တော်တော်လေးသည်ဟု ဆို၏။ စက်တလုံး လူနှစ်ယောက် အသုံးပြုရသည်ဟုလည်း ဆို၏။
ကိုမောင်ဝင်းနှင့် ကျနော်တို့ စကားပြောနေစဉ် သူကြီးမ ဒေါ်စောမြိုင် အဖော်တယောက်နှင့်အတူ ရောက်လာ၏။ သူတို့တွင် မုန့်ဟင်းခါးများ ပါလာ၏။ မုန့်ဖတ်ကို ဖက်နှင့်ထုပ်ပြီး ဟင်းရည်ကို ဝါးပိုးဝါးကျည်ထောက်နှင့် ထည့်လာကြခြင်းဖြစ်သည်။ ခရီးရောက်မဆိုက် ကျနော်တို့အားလုံး မုန့်ဟင်းခါး ဝေမျှစားကြ၏။ စားသောက်ပြီးသောအခါ ဖက်များကို ဒုံသမိချောင်းဘေး၌ အသေအချာ ဖုံးဖိဖျောက်လိုက်ကြ၏။
ဗိုလ်သိန်းစိုးနှင့် ဒေါ်စောမြိုင်တို့ ကရင်လို အနည်းငယ်စကားပြောပြီး ဒေါ်စောမြိုင်က ရွာပြန်ရမည်ဟုဆိုကာ ပြန်မည့်ဟန်ပြင်၏။ ထိုစဉ်မှာပင် ဗိုလ်သိန်းစိုးက ကျနော့်ကိုလည်း ပြုံးပြရင်း သူမိခင်ကို စကားပြောလေသည်။
“နေဦးလေ အမိုးကလည်း၊ အမိုးဆုချခံရတာ ဆရာငြိမ်းကိုပြောပြခဲ့ဦးလေ” ဟု ဗိုလ်သိန်းစိုးက ပြောလိုက်၏။ ဒေါ်စောမြိုင်က ရှက်ကိုးရှက်ကန်းဖြင့် ဗိုလ်သိန်းစိုးကို ကရင်လိုပြန်ပြောရင်း လှည့်မကြည့်ဘဲ ပြန်သွားလေသည်။ ဒေါ်စောမြိုင်ပြန်သွားမှ သူတို့သားအမိအချင်းချင်း ပြောကြသည့် အကြောင်းရင်းကို ကျနော့်အား ဗိုလ်သိန်းစိုးက ပြောပြလေသည်။
ပြီးခဲ့သည့် ဆယ်ရက်ခန့်က ချောင်းတဖက်ကမ်းတွင်တပ်စွဲထားသော နအဖစစ်တပ် တပ်ချိန်း၏။ တပ်ခွဲအသစ် ရောက်လာလေသည်။ တပ်ခွဲအသစ်မှ စစ်သားသုံးယောက်က ရွာထဲဝင်လာကာ သူကြီးမ ဒေါ်စောမြိုင်နှင့် တွေ့၏။ သူတို့တပ်ခွဲစခန်းတွင် ထမင်းချက်ခိုင်းဖို့ ရွာသားနှစ်ယောက် လာတောင်းခြင်းဖြစ်သည်။ ရွာတွင် အလုပ်အကိုင်ကများ လူကလည်းနည်းသည့်အတွက် လူတယောက်ပဲ ခေါ်ရန် ဒေါ်စောမြိုင်က ညှိ၏။ ထိုအခါ စစ်သားတယောက်က ဒေါ်စောမြိုင်ကို ဆက်ဆံရေး မပြေပြစ်ဟုဆိုကာ ပါးရိုက်တော့၏။ ပါးရိုက်သည့်စစ်သားမှာ အသက် ၁၆ နှစ်ခန့်အရွယ်သာ ရှိ၏။ ရုတ်တရက် သားသမီးအရွယ်စစ်သားက မထင်မှတ်ပဲ ပါးရိုက်လိုက်သည့်အတွက် ဒေါ်စောမြိုင် ရှက်လည်းရှက် ဒေါသလည်းထွက်၏။ သို့သော် ပြဿနာ သည့်ထက်မတက်စေရန် ထမင်းချက်ရွာသားနှစ်ယောက် လွှတ်ပေးရန်သာ စီစဉ်ရတော့၏။ သည်အကြောင်းကို ဒေါ်စောမြိုင်က သူ့ခဗျာ ဖလံတောင်ရွာအတွက် ‘ပါးချခံရခြင်းမဟုတ် ဆုချခံရခြင်း’ သာဖြစ်သည်ဟု သားဖြစ်သူ ဗိုလ်သိန်းစိုးကို ရယ်စရာစကားပြောသွားခဲ့သည်ဟု ဗိုလ်သိန်းစိုးက ကျနော့်ကို ပြန်ပြောပြ၏။ ထို့ပြင် ဒေါ်စောမြိုင်မှာ စစ်တပ်နှင့် ဆက်ဆံနေရဆဲဖြစ်သဖြင့် အင်တာဗျူးလို့ မဖြစ်သေးကြောင်း အသံလွှင့်လို့လည်း မရကြောင်း။ ထို့ကြောင့် ဗိုလ်သိန်းစိုးကပဲ ပြောပြလိုက်ဖို့ ဒေါ်စောမြိုင်က မှာသွားကြောင်း ကျနော့်ကို ရှင်းပြလေသည်။
သည်နေရာတွင် ကြားညှပ်ပြီး ကိစ္စတချို့အကြောင်း ကျနော်ရှင်းပြချင်သည်။ မိခင်ဖြစ်သူတယောက်လုံး အစော်ကားခံရသည့်ကိစ္စ ဗိုလ်သိန်းစိုးက အဘယ့်ကြောင့် ဒေါသမထွက်ဘဲ ပြုံးရယ်နိုင်ပါသနည်း။ မိခင်ဒေါ်စောမြိုင်ကလည်း သားသမီးအရွယ် လူမမယ်စစ်သားက ပါးရိုက်သွားသည်ကို အဘယ့်ကြောင့် ပေါ့ပေါ့ပါးပါး ပြန်ပြောနေခဲ့သနည်း။ သည်ကိစ္စအပေါ် တကြိမ်တည်း တထိုင်တည်းနဲ့ ရှင်းပြဖို့ရာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ချေ။ သို့သော် သည်ဒေသကိုရောက်ပြီး သည်ဒေသ၏ အဖြစ်အပျက်များကြား လူးလာသွားလာရင်း ဗိုလ်သိန်းစိုး ပြောပြသမျှ ကြားလာရဖန်များသောအခါ သည်အဖြစ်အပျက်များအပေါ် ကျနော် နားလည်စပြုလာရပြီဟု ယူဆမိပါသည်။ သည်လောက် ဖိနှိပ်ရက်စက်ခံနေရသည့်ကြားက တခါတရံ ငိုမနေဘဲ ပြုံးကာရယ်ကာ နေထိုင်နိုင်ကြသည့် ဒေသခံ ကရင်တိုင်းရင်းသားများအပေါ် ကျနော် စတင်နားလည်စ ပြုလာပြီဟု ထင်ပါသည်။ ဒေသခံလူထုသည် အာခံသည့်အပိုင်းက အာခံပြီး ကြိတ်မှိတ်တောင့်ခံကာ အချင်းချင်း ဖေးမကူရင်း ဒုက္ခတွေနှင့် ယဉ်ပါးသွားကြသည့် သဘောများလားတော့မသိ။ သည်လိုဒုက္ခတွင်းတွင် နှစ်ပေါင်း လေးဆယ် ငါးဆယ် ကျဉ်လည်နေခဲ့ရသည့်အဖြစ်က မတွေ့းဝံ့စရာပင် ဖြစ်သည်။ သို့သော် သူတို့ ဖြတ်ကျော်နေကြ၏။ ဖြတ်ကျော်နိုင်၏။ ဖြတ်ကျော်နိုင်အောင်လည်း နည်းမျိုးစုံနှင့် တောင့်ခံ၏။ လက်နက်ဆွဲကိုင် တော်လှန်သူက တော်လှန်၏။ နည်းမျိုးစုံနှင့် ရင်ဆိုင်၏။ အထူးသဖြင့် အချင်းချင်း ရိုင်းပင်းကြ ကျောချင်းကပ်ထားသည့်အချက် ဖြစ်၏။ ထို့ကြောင့် ကရင်လူမျိုးသည် သည်ပြည်တွင်းစစ်ကြီး အတွင်း ပျောက်မသွား။ ကြေမွမသွား။ သည်သို့ပင် တစတစ ကျနော် နားလည်ရ လေးနက်လာစပြုပြီဟု ယူဆမိလေသည်။
၂။
ညနေ သုံးနာရီလောက်တွင် ချောင်းတဖက်ကမ်း စစ်တပ်စခန်းမှ စစ်သား ၇ ယောက် လက်နက်အပြည့်အစုံနှင့် ချောင်းရိုးအတိုင်းလာနေကြောင်း စက်သတင်းရ၏။ သူတို့ ဦးတည်ပြီး လာနေသောအနေအထားမှာ ကျနော်တို့ ပုန်းအောင်းနေသောနေရာဘက် ဖြစ်နေ၏။ ထို့ကြောင့် ဗိုလ်သိန်းစိုးက နေရာရွှေ့မည်ဟု ပြောလာလေသည်။ ကျနော်တို့ ငါးယောက် အထုပ်အပိုးပြင်ကာ ချောင်းဘေးမှ ခွာကြ၏။ ခြေလှမ်းသွက်သွက်လှမ်းကြရ၏။ တနာရီနီးပါးမျှ ခရီးနှင်ပြီးသောအခါ တောင်ကုန်းတခုပေါ် ရောက်လာကြလေသည်။ ယင်းတောင်ကုန်းပေါ်တွင်ပင် ညအိပ်မည်ဟု ဗိုလ်သိန်းစိုးက ဆုံးဖြတ်၏။ သည်နေရာမျိုးကိုမူ ရန်သူက လာရောက်လေ့မရှိဟု ဆို၏။ သည်တောင်ကုန်းမှာ သည်နေရာတွင် အပေါ်စီးရသဖြင့် စိုးမိုးကုန်းသဘောပင်ဖြစ်သည်။
သစ်ပင်များအောက်တွင် ညအိပ်ရန် နေရာထိုင်ခင်းပြင်နေစဉ် အဝေးတနေရာမှ လက်နက်ကြီးပစ်သံ ကြားကြရ၏။ “ဝေးပါတယ်၊ ဝတ္တပဘက်လောက်ကဖြစ်မယ်” ဟု တလိုင်းကရင်ရွာသူကြီး ဦးအုန်းမောင်က ကျနော့်ကိုကြည့်ပြီး ပြောလေသည်။
တောင်ကုန်းပေါ်မှကြည့်လျင် ငယ်စဉ်က ဖတ်ခဲ့ဖူးသော နတ်နွယ်၏ “မြန်မာပြည်မြောက်ပိုင်း” စာအုပ်ကို သတိရ၏။ တောကိုပဲကြည့်ကြည့် တောင်ကိုပဲကြည့်ကြည့် စိမ်းမှောင်သော တောနှင့်တောင်ကိုသာတွေ့နေရ၏။ တောင်နှင့် ကောင်းကင်မှာ မြူများကြားတနေရာ၌ သွားဆုံကြလေသည်။ သစ်ပင်သစ်ကိုင်းလွတ်ရာနေရာ တနေရာမျှ မရှိ။ ရှိလျင်လည်း ဒုံသမိချောင်းကို မမြင်ရ။ ဒုံသမိချောင်းသည် တောအုပ်များထဲ ပုန်းနေသည်ဟု ထင်မိ၏။
ညနက်လာတော့ လရောင်က ပိုပြီးအားကောင်းလာ၏။ တခဏအတွင်းမှာပင် တောင်ကုန်းတခွင်တပြင် လရောင်များ ထုနှင့်ထည်နှင့် ကျလာတော့သည်။ အိပ်တန်းတက်ငှက်သံများပင် တိတ်သွားပြီဖြစ်သည်။ ထိုအချိန်၌ တလိုင်းကရင်ရွာသူကြီး ဦးအုန်းမောင်က သူ့လွယ်အိတ်ထဲမှ ဓာတ်ခဲရေဒီယိုလေးထုတ်ပြီး ဖွင့်လေသည်။ ကျနော်က ချက်ချင်းဆိုသလို အချိန်ကိုမှန်းဆကာ ရေဒီယိုလေးကို ဆတ်ကနဲဆွဲယူပြီး ဒီဗွီဘီလိုင်းကို လိုက်ရှာ၏။ ကံအားလျော်စွာ ဒီဗွီဘီလိုင်းမှာ အခက်အခဲမရှိ ချက်ချင်းမိ၏။ လိုင်းမိသောအခါ ရဲဘော်ဝှေ့စာမှအပ ကျနော်တို့အားလုံး ရေဒီယိုလေးကို အလယ်တွင်ထားကာ အလိုလို ခေါင်းချင်းဆိုင်မိသွားကြ၏။
ရေဒီယိုလေး၏အသံမှာ အနည်းငယ်မကြည်လင်သော်လည်း ကောင်းကောင်း ကြားနေရ၏။ သတင်းကြေညာသူက သတင်းခေါင်းကြီးပိုင်းများ ကြေညာပြီးသောအခါ ကရင်ပြည်နယ် ဘားအံမြို့နယ် တလိုင်းကရင်ရွာ၌ စစ်အစိုးရစစ်တပ်က ဘုန်းတော်ကြီးကျောင်းဝင်းထဲ ဝင်ရောက်တပ်စွဲထားသည်ကို ယင်းတလိုင်းကရင်ရွာမှ ထွက်ပြေးလာသူ ကိုမောင်ဝင်းနှင့် ဒီဗွီဘီ တွေ့ဆုံမေးမြန်းခန်း နားဆင်ရမှာဖြစ်ကြောင်း ကြေညာလေသည်။
ကျနော်တို့အားလုံး တယောက်ကိုတယောက် ကြည့်သည်။ ကိုမောင်ဝင်းက ကျနော့်ကိုကြည့်သည်။ ကျနော်က ဗိုလ်သိန်းစိုးကို ကြည့်သည်။ ကိုမောင်ဝင်းက ခေါင်းကိုရှေ့ပိုတိုးကာ ရေဒီယိုထဲကသူ့အသံကို တအံ့တဩနားထောင်သည်။
ထိုညက ကျနော်တို့အားလုံး တော်တော်နှင့်မအိပ်ကြ။ ကိုမောင်ဝင်းက ကျနော်နှင့် ကပ်လျက်နေရာသို့ နေရာပြောင်းပြီး လာအိပ်၏။ ဗိုလ်သိန်းစိုးကမူ စကားတခွန်းမှမဟဘဲ ကျေနပ်နှစ်သိမ့်နေပုံမှာ သိသာလွန်းနေ၏။ နောက်တော့ ဒီည သူပဲ တညလုံးကင်းစောင့်မည်ဟုဆိုကာ ကိုမောင်ဝင်းက ဝှေ့စာနှင့် လူချင်းလဲ၏။ ထိုညက တောင်ကုန်းပေါ်တွင် မည်သူမျှစကားမပြောကြတော့။ ပျော်ရွှင်အံ့ဩဖွယ်တိုက်ဆိုင်မှုအပေါ် အတွေးကိုယ်စီ ဖြစ်ကုန်ကြရဟန်တူလေသည်။
၄။
ဖလံတောင်ရွာကို လှမ်းမြင်နေရသောတောစပ်တွင် ကျနော်တို့သုံးယောက် နေရိပ်ခိုရင်း လှမ်းကြည့်နေကြ၏။ တလိုင်းကရင်ရွာ သူကြီး ဦးအုန်းမောင်နှင့် ကိုမောင်ဝင်းတို့က မနက်ကတည်းက ကျနော်တို့နှင့်ခွဲကာ နေရာရွှေ့သွားကြပြီဖြစ်သည်။
နာရီဝက်ခန့်ရှိသောအခါ ရွာထဲမှလူနှစ်ယောက်ထွက်လာ၏။ ကျနော်တို့ရှိနေသည့်နေရာကို လှမ်း ကြည့်သည်။ လယ်ကွက်တချို့ကို ဖြတ်လာကြ၏။ မလှမ်းမကမ်းရောက်တော့မှ ယောက်ျားတယောက်နှင့် မိန်းမတယောက်ဖြစ်နေသည်ကိုတွေ့ရ၏။
ဗိုလ်သိန်းစိုးက တောစပ်မှထွက်ကာ လူရိပ်ပြလိုက်သဖြင့် ထိုနှစ်ယောက်မှာ ကျနော်တို့ဆီသို့ ရောက်လာကြ၏။
သူတို့နှစ်ယောက်မှာ ဖလံတောင်ရွာက မောင်ဖါးအုနှင့် မရေသူဖြစ်ကြောင်း ဗိုလ်သိန်းစိုးက ကျနော့်ကိုပြောပြီး သူတို့ကိုလည်း ကျနော်မည်သူမည်ဝါဖြစ်ကြောင်း ကရင်လို မိတ်ဆက်ပေးလေ သည်။
မောင်ဖါးအုနှင့် မရေသူမှာ လင်မယားနှစ်ယောက်ဖြစ်၏။ လွန်ခဲ့သည့် ငါးရက်က မရေသူမှာ နအဖစစ်တပ် စစ်သားသုံးယောက်က အဓမ္မပြုကျင့်ခဲ့ကြကြောင်း၊ ဗိုလ်သိန်းစိုးက မနက်ကတည်းက ကျနော့်ကိုပြောပြထားပြီးဖြစ်သည်။ ကာယကံရှင်များနှင့်ညှိနှိုင်းသည့်အခါ ကာယကံရှင်များက ကျနော်နှင့်တွေ့ဆုံသတင်းပေးဖို့ သဘောတူသည့်အတွက် ကျနော်တို့ အခုလို တွေ့ဆုံကြခြင်းဖြစ်သည်။
ယောက်ျားဖြစ်သူရော မရေသူပါ အသားအရည် စိုပြေကြ၏။ နှစ်ယောက်စလုံး အသားဖြူ၏။ မောင်ဖါးအုက ပခုံးကျယ်ကျယ် ခန္ဓာကိုယ်တောင့်တင်းကြစ်လစ်၏။ မရေသူက ပါးရိုးကားပြီး ခြေသလုံးများ တုတ်ခိုင်သူဖြစ်သည်။
ကျနော်က အသံဖမ်းစက်ကလေးမဖွင့်ခင် အခုပြုလုပ်မည့် အမေးအဖြေများကို အသံဖမ်းယူမည်ဖြစ်ကြောင်း၊ DVB အသံလွှင့်ဌာနမှတဆင့် အသံလွှင့်မှာဖြစ်ကြောင်းနှင့် ဂျာနယ်တွင် ဆောင်းပါးလည်း ရေးမည်ဖြစ်ကြောင်း၊ သဘောတူမှ အမေးအဖြေလုပ်မှာဖြစ်ကြောင်း ရှင်းပြ၏။ ကျနော်ပြောသမျှ ဗိုလ်သိန်းစိုးက ကရင်လို သေသေချာချာ ရှင်းပြလေသည်။ မောင်ဖါးအုက မြန်မာလို တစုံတရာနားလည်ပြီး ပြောတတ်သော်လည်း မရေသူကမူ မြန်မာလို တလုံးမှမတတ်။ အမေးအဖြေလုပ်သည့်အခါ အခက်အခဲအနည်းငယ်ရှိမည်ဟု ထင်နေစဉ် မောင်ဖါးအုက သူကိုယ်တိုင်ပင် စကားပြန်လုပ်မည်ဟု ပြောလာသဖြင့် အဆင်ပြေကာ အမေးအဖြေစလို့ ရသွား၏။
ပြဿနာဖြစ်သည့်ညနေက ချောင်းအတွင်း ရေခပ်ဆင်းသည့်မရေသူကို ဟိုဘက်ကမ်းမှ ကူးလာသည့် နအဖစစ်သားတယောက်က စကားလိုက်ပြော၏။ မရေသူက နားလည်းနားမလည် ကြောက်လည်းကြောက်သဖြင့် အတင်းရှောင်ထွက်ကာ အိမ်ပြန်လာခဲ့ရ၏။ ထိုနေ့က ယောက်ျားဖြစ်သူ မောင်ဖါးအုမှာ အိမ်တွင်မရှိ။ ကမ္မမေါင်းသို့ ခဏသွားနေ၏။
ည ကိုးနာရီခန့်တွင် စစ်သားသုံးယောက် ဖလံတောင်ရွာထဲ ဓာတ်မီးတဝင်းဝင်းနှင့် ရောက်လာ၏။ မရေသူ၏အိမ် ရှေ့ရောက်သောအခါ သေနတ်နှစ်ချက်ဖောက်၏။ မရေသူကို အိမ်အောက်ဆင်းဖို့ ခေါ်၏။ ပတ်ဝန်းကျင်က မီးရောင်မြင်ရသောအိမ်ကို သေနတ်ဖြင့်ပစ်ကာ မီးမှိတ်ခိုင်း၏။ အိမ်ပေါ်မှမဆင်းလျှင် သေနတ်နှင့်ပစ်မည်ဟုပြောသဖြင့် မရေသူ အိမ်အောက်သို့ ဆင်းရ၏။ အိမ်အောက်သို့ရောက်သောအခါ စစ်သားနှစ်ယောက်က မရေသူကို ချုပ်ကိုင်ကာ စစ်သားသုံးယောက် တလှည့်စီ အဓမ္မပြုကျင့်ကြလေသည်။ အစပိုင်းတွင် မရေသူက ငိုယိုတောင်းပန်၏။ အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်း၏။ စစ်သားတယောက်က သေနတ်ဖြင့်ခေါင်းကိုထိကာ ပစ်သတ်မည်ဟုပြောသဖြင့် မရေသူ အသံတိတ်သွား၏။ ထိုအချိန်က တရွာလုံး မီးမှိတ်ကာ ငြိမ်နေကြရ၏။ မရေသူ အခုလိုဖြစ်နေသည့်အချိန် အိမ်ပေါ်တွင် လူမမာဖခင်ကြီး ရှိနေသော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့။
မောင်ဖါးအုက သည်ကိစ္စတွင် သူ့မိန်းမ၌ အပြစ်မရှိဟုပြော၏။ ခွင့်လွှတ်သည်ဟုလည်း ပြော၏။ မရေသူ ကရင်လိုပြောပြသမျှ ကျနော့်ကို စကားပြန်လုပ်ပေးနေစဉ် မောင်ဖါးအု လက်သီးဆုပ်ထား၏။ မျက်နှာထား တင်းမာနေ၏။
အင်တာဗျူးလုပ်ပြီးသောအခါ မောင်ဖါးအုက ဝှေ့စာဆီမှ သေနတ်ကိုတောင်းလွယ်၏။ မရေသူကိုလည်း သူ့ဘေးတွင် လာရပ်ဖို့ခေါ်၏။ အခုအချိန်ကစပြီး သူတို့လင်မယားနှစ်ယောက် တော်လှန်ရေးထဲ ပါဝင်တော့မည်ဟုလည်း ဗ်ုလ်သိန်းစိုးကို အသိပေးတော့၏။ ဗိုလ်သိန်းစိုးကလည်း သည်တခါ မာနယ်ပလောပြန်လျင် သူတို့ကိုပါ တပါတည်းခေါ်သွားမည်ဟု ကတိပေး၏။ မောင်ဖါးအုက ခွင့်ပြုသဖြင့် သေနတ်လွယ်ပြီးရပ်နေသော သူတို့လင်မယားကို ကျနော် ဓာတ်ပုံရိုက်၏။ (မာနယ်ပလောသို့ရောက်သောအခါ ခေတ်ပြိုင်ဂျာနယ်၌ သည်အကြောင်းများကို ဒုံသမိချောင်းကမ်း ငရဲခန်းများခေါင်းစဉ်ဖြင့် အခန်းဆက်ဆောင်းပါးကို ပုံနှင့်တကွ ထည့်ရေးခဲ့၊ အသံလည်း လွှင့်ခဲ့ပါသည်။)
မရေသူတို့ကို နှုတ်ဆက်ကာ လမ်းခွဲပြီး အခြားတနေရာသို့ ရွှေ့သောအခါ ဗိုလ်သိန်းစိုး တလမ်းလုံး ငြိမ်ငုတ်ပြီး ရှေ့ကလျှောက်၏။ ကျနော်လည်း စကားတခွန်းမှ မဆိုနိုင်ဘဲ တောလမ်းအတိုင်းလိုက်လာခဲ့၏။
ငြိမ်းဝေ (ကဗျာအိုးဝေ)










