DVB Logo
Home
မြန်မာသတင်း
စပါးအထွက်နှုန်းနှင့် စပါးဈေး ကျဆင်းနေသဖြင့် တောင်သူများ အခက်ကြုံ 
DVB
·
July 18, 2024
စပါးအထွက်နှုန်းနှင့် စပါးဈေး ကျဆင်းနေသဖြင့် တောင်သူများ အခက်ကြုံ 
Donate to DVB

စပါးမစိုက်ရင်လယ်ပြန်သိမ်းမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတာကြောင့် စပါးပြီး စပါးစိုက်ပျိုးပေမဲ့ ဆည်ရေမရလို့ စပါးအထွက်နှုန်းတွေ ကျဆင်းတဲ့အပြင် စပါးဈေးတွေပါကျဆင်းလာလို့ ၃ သီးစိုက်ပျိုးရတဲ့တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ပဲတစ်သီးအပြင် စပါးနှစ်သီးထပ်မစိုက်ရင် လယ်ပြန်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတဲ့ မင်းလှမြို့နယ်ထဲက လမ်းဘေးဝဲယာမှာရှိတဲ့ လယ်မြေတွေမှာ ပြီးခဲ့တဲ့နွေရာသီအတွင်း မင်းလှဆည်ကပို့လွှတ်လာရမယ့် စိုက်ပျိုးရေမရရှိလို့ လတ်တလောထွက်ရှိနေတဲ့ မိုးကြိုစပါးတွေ အထွက်နှုန်းနည်းခဲ့တယ်လို့ မိုးကြိုစပါးစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။

လယ်သမားတဦးက “နွေစပါးက မစိုက်ချင်ကြတော့ဘူး။ ဆည်ရေကျတော့လည်း လုံလုံလောက်လောက် မရဘူး။ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ ပေါင်းရတာ။ ဒီပြင်ဦးတို့ လက်ပံတန်း၊ တိုက်ကြီး၊ ဥက္ကံတွေဆိုလို့ရှိရင် မိုးကြိုစပါးစိုက်ကြတာ။ ရေကိုလိုသလောက် ဖောချင်းသောချင်းရတာ။ လယ်ကွက်ထဲကြည့်လိုက်ရင် ရေကိုလျှံနေတာ။ ဦးတို့ဆီမှာ မရတချက် ရတချက် ပက်ကြားအက်၊ တော်ကြာရက်ပတ်နဲ့ပေးတာတို့ နွေရာသီကျတော့ ရေရှိနေပေမဲ့လို့ နှစ်ရက်လောက်မရရင် ခမ်းသွားတာ။ ပက်ကြားကွဲသွားရော။ ကိုယ့်ရက်ပတ်က မရောက်သေးဘူး။ ရေကကုန်နေပြီ။ ခြောက်ကွဲပြီ၊ စပါးဝါလာပြီဆိုတော့ ရေက ရောက်လာပြန်ပြီ။ အဲ့လိုဖြစ်နေတော့ ဘယ်သူမှ စိတ်မဝင်စားဘူး”လို့ ပြောပါတယ်။

လတ်တလောထွက်ရှိနေတဲ့ မိုးကြိုစပါးကို ပြီးခဲ့တဲ့နွေရာသီမှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ နွေကာလမှ စပါးစိုက်ပျိုးရတဲ့အတွက် စပါးအထွက်လာဖို့က ဆည်ရေရရှိဖို့က အဓိကကျပါတယ်။

မိုးကြိုစပါးက ရေလိုအပ်တဲ့ အပင်ဖြစ်ထွန်းချိန်မှာ နွေကာလကို ဖြတ်သန်းရပြီး စပါးတွေ ရင့်မှည့်လာတဲ့ အခုလိုအချိန်မှာတော့ မိုးဖြိုင်ဖြိုင်ကျတဲ့ ဇူလိုင်လအတွင်း ရိတ်သိမ်းရတာ ဖြစ်ပါတယ်။

မိုးကြိုစပါးစိုက်ပျိုးတဲ့ အခက်အခဲ အစဉ်လာကို မင်းလှမြို့နယ် တောင်သူတဦးက“ကြုံရတာကတော့ စပြောရမယ်ဆိုရင် ဆည်မြောင်းတွေ စဖောက်ကာစက ဆည်မြောင်းတွေလည်းရောက် ရော၊ ရေပေး၊ နွေစပါးစိုက်ကြရမယ်ဆိုတော့ စိုက်ကြရတာပေါ့။ ဘယ်လိုတွေဖြစ်လဲဆိုတော့ ခြွေလှေ့စက်လည်းမရှိဘူး။ ရိတ်ခြွေစက်တွေလည်းမရှိဘူး။ ရေကလည်းနောက်ကျမှရောက်။ နွေစပါးဆိုတော့ စိုက်ကြတာပေါ့။ သူစိုက်၊ ကိုယ်စိုက် စိုက်ကြတာပေါ့။ တကယ်သီးနှံပေါ်လာတော့ ခြွေစရာစက်မရှိ။ ရိတ်စရာစက်မရှိတဲ့အခါကျတော့ လူတွေနဲ့ပဲရိတ်ကြတာပေါ့။ အဲ့အချိန်တုန်းက မိုးလေဝသလည်းကောင်းတော့ ဆည်ရေကလည်း ပေးထားတော့ ရေလည်းရေတင်တော့ ရေထဲမှာရိတ်ရတယ်။ ရေထဲကနေ ကုန်းပေါ်ကိုဆယ်တင်ရတယ်။ ဆယ်တင်ပြီးတော့ အဲ့စပါးကခြွေစရာနေရာမရှိတော့ တဖြည်းဖြည်းရိပြီး ပုပ်တော့ဆုံးရှုံးတာပေါ့။ တကယ်ဖြစ်စေချင်တာက စီမံကိန်း တခုချလို့ရှိရင် အောက်ခြေလုပ်ရမယ့် ပစ္စည်းပစ္စယရှိပြီးမှ စီမံကိန်းချတာအကောင်းဆုံးပေါ့။ အဲ့လိုမရှိတဲ့အခါကျ တော့ စီမံကိန်းဆိုပြီးလုပ်လိုက်တဲ့အခါမှာ အောက်ခြေလယ်သမားတွေ ဆုံးရှုံးနစ်နာတာတွေ အများကြီးပဲ”လို့ ပြောပါတယ်။

မိုးကြိုစပါးက မိုးရေထဲမှာ ရိတ်သိမ်းရပြီး စပါးအခြောက်ခံစက်လို အခြေခံအဆောက်အဦးတွေ မပြည့်စုံတဲ့ လယ်သမားတွေမှာ ရိတ်သိမ်းပြီးစပါးတွေ ပျက်စီးဆုံးရှုံးရသလို မြေဆီလွှာအနားမရတဲ့အတွက်လည်း မြေဆီလွှာ အရည်အသွေးတွေ ကျဆင်းလာပါတယ်။

ဒါကြောင့် တစ်နှစ်ကို ၃ သီးစိုက်ပျိုးလို့ လယ်ရော လူပါ မနားရသလို အကျိုးအမြတ်ရရှိမှု မရှိတဲ့အပြင် အကြွေးတွေတင်လာပြီး လယ်တွေကိုရောင်းချပြီး အကြွေးဆပ်ခဲ့ရတာ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နွေစပါးရာသီကစလို့ စပါးဈေးတွေ အတန်သင့်ကောင်းလာပေမဲ့ ဇူလိုင်လ ၂ ရက်ကစလို့ ဆန်ရည်ညွှန်းဈေးတွေကို စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်း အရင်ဆုံးထိပ်တိုက်ဆုံလာတဲ့ စပါးပေါ်တဲ့ ရာသီဖြစ်တဲ့ မိုးကြိုစပါးတွေ ပေါ်ချိန်မှာ စပါးဈေးကောင်းနေရာကနေ ဈေးတွေထိုးကျလာတာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်က အောက်ခြေလယ်သမားတွေကို ထိခိုက်စေတယ်လို့ စပါးဧက ၂၀ စိုက်ပျိုးသူ တောင်သူကြီးတစ်ဦးက ပြောပါတယ်။

“ဦးတို့နွေစပါးစိုက်ထားတဲ့တောင်သူတွေကအရင်းဈေးတွေက များတယ်။ များတော့ တဧကကို အနည်းဆုံး ငါးသိန်းလောက်ကုန်တယ်။ ရိတ်ခမပါသေးဘူး။ အဲ့တော့ခါတိုင်းနှစ်ကတော့ ၁၈၊ ၂၀ လောက်ရောင်းရတော့ တော်သေးတာပေါ့။ ခုနှစ်ကျတော့ ဦးတို့ စပါးဈေးပေါခါနီးကို ဆန်ဈေးချ ထားတဲ့အတွက် ဆန်ဈေးက တပြည်ကို သုံးထောင်ရောင်းရမယ်။ အိတ်လိုက်ဆိုရင် ခုနှစ်သောင်း ခွဲရောင်းရမယ် ဆိုတဲ့အခါကျတော့ ကုန်သည်တွေက စပါးကိုတောင်သိပ်တောင်မဝယ်တော့ဘူး။ သူတို့စက်ထဲမှာ ရှိတဲ့စပါးတွေကလည်း ဖမ်းမယ်ဆီးမယ်ဆိုတော့ သူတို့မှာ ဒုက္ခတွေရောက်တာပေါ့။ အဲ့တော့ ဦးတို့ကစပါးလည်းရိတ်ရော အခု ၁၅ လောက်ဖြစ်နေတယ်။ အဲ့ ၁၅ လောက်တောင်မှ အခုကျသွားပြီ။ အဲ့ဒါတောင်နည်းနည်းအစိမ်းသီးပါလာရင် ပေါင်ပို ပေးရတာတို့ဘာတို့။ လောလောဆယ် ထိခိုက်သွားတာတော့ ဦးတို့အောက်ခြေလယ်သမားပဲ ထိခိုက်သွားတာပေါ့။”

စစ်ကောင်စီက ဆန်စပါးဖူလုံဖို့အတွက် နွေရာသီမှာ စပါးစိုက်ခိုင်းပေမဲ့ ဆည်ကနေစိုက်ပျိုးရေမပေးနိုင်လို့ စပါးအထွက်နှုန်းကျဆင်းခဲ့ရတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဆန်ရည်ညွှန်းဈေးထုတ်ပြန်ချက်ကြောင့် ဆန်ပြည်ပတင်ပို့ဖို့အတွက် ကြိတ်ခွဲထုတ်လုပ်မှုမှာ အဓိကကျတဲ့ ပဲခူးအနောက်ခြမ်းဒေသကြီးမှာပါဝင်တဲ့ မင်းလှမြို့နယ်ရဲ့ စပါးဈေးကျဆင်းနေတဲ့ အခြေနေကို တစုံတရာ တုံ့ပြန်ဆောင်ရွက်မှုတော့မရှိပါဘူး။

ဒါကြောင့် မစိုက်ရင်လယ်ပြန် သိမ်းမယ်လို့ ခြိမ်းခြောက်ထားပေမယ့် စပါး၊ ပဲ၊ စပါး ၃ သီးစိုက်ပျိုးရတဲ့ သီးနှံပုံစံကို တောင်သူတွေမစိုက်ပျိုးလိုတော့ပဲ သူတို့အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်လာစေတယ်လို့ တောင်သူတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013