DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ဗုံးကြဲမှုကြောင့် ခရိုင်ဆေးရုံ ပျက်စီး၊ ပိတ်မိနေသူများကို AA ကယ်ထုတ်
DVB
·
July 17, 2024
သံတွဲတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ဗုံးကြဲမှုကြောင့် ခရိုင်ဆေးရုံ ပျက်စီး၊ ပိတ်မိနေသူများကို AA ကယ်ထုတ်
Donate to DVB

အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့တွင်းပိတ်မိနေကြတဲ့ အရပ်သားတွေကို အာရက္ခတပ်တော်က ဇူလိုင် ၁၆ ရက်က ကယ်ထုတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သံတွဲအခြေစိုက် ကြည်းတပ် ၂ ခုကို သိမ်းပိုက်လိုက်ပြီးနောက် အာရက္ခတပ်တော်က သံတွဲမြို့တွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သံတွဲမြို့ရှိ စစ်ဘေးရှောင်နေသူတဦးက ပြောပါတယ်။

“သံတွဲမြို့တွင်းတိုက်ပွဲက ပြင်းထန်နေဆဲပဲဗျာ။ မြို့တွင်းက စစ်ကောင်စီတပ်သားတွေကို AA က ပိတ်ဆို့တိုက်ခိုက်နေဆဲ ဖြစ်တယ်။ AA ကတော့ မြို့ရဲ့ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီလို့ သိရတယ်။ ထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ မကျသေးဘူး။ စစ်ကောင်စီကတော့ လေကြောင်းပစ်ကူနဲ့ ရေကြောင်းပစ်ကူတွေ ပေးနေတယ်။”

လက်ရှိမှာ သံတွဲမြို့တွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မြို့တွင်းကနေ တပ်ဆုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ပွဲပြင်းထန်နေတာကြောင့် စစ်ပွဲဧရိယာအတွင်း ပိတ်ကျန်နေကြတဲ့ ပြည်သူတွေကိုလည်း အာရက္ခတပ်တော်က ကယ်ထုတ်နေတယ်လို့ နောက်ထပ် မြို့ခံတဦးက ပြောပါတယ်။

“မြို့တွင်းမှာက မထွက်လိုက်ရတဲ့ ပိတ်မိနေသူတွေ ရှိကြတယ်။ အဲဒီလူတွေကို AA က ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတယ်။ မြို့အတွင်းကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထိခိုက်မှာစိုးလို့ AA က ကယ်ထုတ်သွားတာဖြစ်တယ်။”

သံတွဲမြို့မှာ ဇူလိုင် ၁၅ ရက်ကလည်း စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရိုင်ပြည်သူ့ဆေးရုံ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကစပြီး သံတွဲမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ မြို့ခံစစ်ရှောင်တဦးက ပြောပါတယ်။

“ရွှေလှေဘက်မှာ တိုက်ပွဲစဖြစ်ကတည်းက ဆရာဝန်တွေရော ဝန်ထမ်းတွေရော အကုန်ထွက်ပြေးသွားကြတာ။ ဆေးရုံမှာက ဘယ်သူမှမရှိကြတော့ဘူး။ မနေ့က စစ်တပ်က လေယာဥ်နဲ့ မြို့ထဲကို ဗုံးတွေလာကြဲချတော့ ဆေးရုံကအဆောင်တွေ ပျက်စီးသွားတာပေါ့။”

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး အပါအဝင် အမှတ် ၂ အခြေခံပညာအထက်ကျောင်းနဲ့ သမိုင်းဝင် စေတီတချို့ ထိခိုက်ပျက်စီးခဲ့ကာ လူနေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိ သံတွဲမြို့ ငပလီကမ်းခြေက စစ်ကောင်စီတပ် ခမရ ၅၆၆၊ ခလရ ၅၅ နဲ့ လေဆိပ်တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်ကာ မောင်ရွှေလေးရေတပ်စခန်းနဲ့ စစ်ကောင်စီတပ် ဆုတ်သွားတဲ့ ဇလွန်ရွာအနီးတဝိုက်သာ စစ်ကောင်စီတပ်သားတွေ ကျန်ရှိတော့ကြောင်း မြို့ခံစစ်ရှောင်တွေဆီ သိရပါတယ်။

စစ်ကောင်စီက ကုန်စည်နဲ့ ဆေးဝါးစီးဆင်းမှုတွေကို တင်းကျပ်စွာ ပိတ်ဆို့ထားတာကြောင့် သံတွဲမြို့မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013