DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မိုးသီးနှံစိုက်ပျိုးမှု ၂ ဆခန့် လျော့ကျ
DVB
·
July 15, 2024
ဧရာဝတီတိုင်းတွင် မိုးသီးနှံစိုက်ပျိုးမှု ၂ ဆခန့် လျော့ကျ
Donate to DVB

ဧရာဝတီတိုင်းက တောင်သူတွေ အခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ သွင်းအားစု ကုန်ကျစရိတ်တွေ အလွန်များလာတာကြောင့် မိုးသီးနှံတွေကို ၂ ဆကျော်အထိ လျှော့ချ စိုက်ပျိုးနေကြရတယ်လို့ ဒေသခံ တောင်သူတွေကဆီက သိရပါတယ်။

အဲဒီလို သွင်းအားစု စိုက်ပျိုးစရိတ်တွေ အဆမတန် ကုန်ကျမှုတွေ ရှိလာတာကြောင့် ဧရာဝတီတိုင်းက တောင်သူတွေဟာ လက်ရှိ မိုးသီးနှံစိုက်ပျိုးတဲ့ ရာသီမှာ လယ် ၁၀ ဧက ရှိတဲ့ တောင်သူတယောက်ကို ၄ ဧကအထိပဲ စိုက်ပျိုးပြီး ၁ ဧကရှိတဲ့ တောင်သူတယောက်ကို ဧကဝက်ပဲ စိုက်ပျိုးကြတော့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက တောင်သူတ‌ဦးက “စက်သုံးဆီဈေးနှုန်းတွေကလည်း ပြီးခဲ့တဲ့လတွေကစပြီး တော်တော်ကို တက်နေတာ။ အနည်းငယ်သုံးတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူး။ အများကြီးသုံးရတဲ့ တောင်သူတွေအတွက် အတော့်ကို အခက်အခဲ ဖြစ်နေတယ်။ တရာသီလည်းမဟုတ် နှစ်ရာသီလည်းမဟုတ် ဖြစ်နေပြီ။ အရင်က ဆီတပေပါ ၅၀ ဂါလန်ကို ငွေကျပ် ၁၅၀,၀၀၀ ပဲရှိတာ။ အခု ၈ သိန်းခွဲကျော်နေပြီ။ မြေဩဇာဈေးနှုန်းတွေကလည်း ဘယ်မြေသြဇာအိတ်ဖြစ်ဖြစ် အရင်က တအိတ် ၃၀၀၀၀ ကျော်ပဲရှိတာ။ အခုနှစ် တအိတ်ကို ငွေကျပ် ၁၄၀,၀၀၀ အထိ မြင့်လာတယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာလို့ အခုလိုပဲ ဧကတွေ လျှော့ချစိုက်ဖို့ ဆုံးဖြတ်စိုက်ပျိုးရတာ။ ဧကပြည့်စိုက်ချင်တာပေါ့။ စိုက်ပျိုးစရိတ်အတွက် မရှိပါဘူး။ စားဖို့တောင် အနိုင်နိုင်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေဟာ မနှစ် သီးနှံစိုက်ပျိုးရာသီက နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းလို့ မရခဲ့တဲ့အတွက် အရှုံးပေါ်ခဲ့တာနဲ့ ဒီနှစ် စိုက်ပျိုးဖို့အတွက် စိုက်ပျိုးစရိတ်တွေ ပြန်မသုံးနိုင်တာတွေလည်း ဖြစ်နေတာလို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်က တောင်သူတယောက်က “ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်မှုတွေ ဆက်ရှိနေပါတယ်။ ဒီဘက်ဒေသမှာ ဒီနှစ်လည်း စိုက်ပျိုးမှုဧကတွေ လျော့နည်းနေတယ်။ နည်းနည်းငြိမ်တဲ့ ရွာတွေဘက်မှာတော့ စိုက်ကြတာ တွေ့ရတယ်။ ဒါတောင် အရင်လို အများကြီးမဟုတ်ဘူး။ ကျမတို့ကိုယ်တိုင်လည်း မနှစ်ကစိုက်ခဲ့တဲ့ သီးနှံတွေ ပြန်မရိတ်သိမ်းနိုင်ခဲ့တာကြောင့် ဒီနှစ် အရင်းထည့်ဖို့မရှိ ဖြစ်နေတာ။ မရှိတဲ့အတူတော့ မတတ်နိုင်ဘူးလေ။ ကိုယ်စားဖို့လောက်ပဲ စိုက်တော့မှာ” လို့ ပြောပါတယ်။

အခု စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန် ဈေးတက်နေတာကြောင့် တောင်သူတွေ အခက်အခဲ ရှိလာတာဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပွားလာရတဲ့ အကျိုးဆက်တွေဖြစ်ပြီး နိုင်ငံရေးအခြေအနေ ပုံမှန်ကို ပြန်မရောက်တဲ့ အချိန်အထိ ကုန်ဈေးနှုန်းတွေက တက်နေဖို့သာ ရှိတယ်လို့ စိုက်ပျိုးရေးပစ္စည်းတွေ တင်သွင်းရောင်းချတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “အခုက အကုန် ကျပ်တည်းနေတာ။ ဒီအခြေအနေတိုင်းဆို မလွယ်တော့ဘူး။ အရောင်းအဝယ်တွေလည်း မကောင်းဘူး၊ အခု တောင်သူတွေ အခက်အခဲဖြစ်နေရတဲ့ အဓိက အကြောင်းအရင်းကလည်း ကုန်ဈေးနှုန်းတွေ ထိုးတက်နေတာကြောင့်လေ။ ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကလည်း နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဖြစ်နေတာ။ ကုန်ဈေးနှုန်းတွေက အခုထက် ထပ်တက်ဖို့သာရှိတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ မိုးသီးနှံကို စပါးအပြင် မတ်ပဲ၊ ငရုတ်၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲ၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြတာလို့ သိရပါတယ်။

ဒါ့အပြင် စိုက်ပျိုးစရိတ် လုံးဝမရှိတဲ့ တောင်သူတွေဟာ အခုနှစ် မိုးသီးနှံကို မစိုက်တော့ဘဲ ထားလိုက်တော့မယ်လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013