DVB Logo
Home
မြန်မာသတင်း
ကသာတွင် စက်သုံးဆီအရောင်းရပ်၊ ဧရာဝတီတိုင်းတွင် ဆီဈေးတက်ပြီး လိုသလောက်ဝယ်ရခက်
DVB
·
July 15, 2024
ကသာတွင် စက်သုံးဆီအရောင်းရပ်၊ ဧရာဝတီတိုင်းတွင် ဆီဈေးတက်ပြီး လိုသလောက်ဝယ်ရခက်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့မှာ စက်သုံးဆီ ပြတ်လပ်မယ့်သတင်းထွက်ပြီး  ဇူလိုင် ၁၄ ရက် မနက်ပိုင်းကစလို့ အလုအယက်ဝယ်ယူကြတာကြောင့် စက်သုံးဆီအရောင်းဆိုင်တွေ အရောင်းရပ်ထားကြရပြီး ဧရာဝတီတိုင်းမှာတော့ စက်သုံးဆီဈေး မြင့်တက်နေသလို လိုသလောက် ဝယ်မရ ဖြစ်နေပါတယ်။

ကသာမြို့က စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်တယောက်က “ဆီ​ပြတ်နေတာက ကြာနေပြီ။ လူတွေက သတိမထားမိကြတာ။ ဆီတွေက အဝေးသိမ်း အဝေးပို့ ဖြစ်နေတာ။ ဗန်းမော်၊ ရွှေကူ ကအစ ဒီကပဲ လာဝယ်ကြတာဆိုတော့ လမ်းမှာ ကားလမ်းပိတ်ပစ်တာနဲ့ကြုံပြီး ဆီပြတ်သွားတာပါ” လို့ ပြောပါတယ်။

ထူး ဆီပန့်ဆိုင် ဆိုရင် ပိတ်ထားတာ ၁၀ ရက်ကျော်ပြီဖြစ်ကြောင်းနဲ့ စက်သုံးဆီတွေကို လမ်းကြောပိတ်နေတဲ့ အဝေးမြို့တွေက လာဝယ်နေကြတာကြောင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွေကို ပိတ်လိုက်တာမျိုးတွေ မကြာခဏဖြစ်ပြီး မတ္တရာလမ်းကြောင်းကလည်း ပိတ်ထားတာကြောင့် စက်သုံးဆီ အဝင်မရှိတော့ဘဲ ပြတ်လပ်ရတာလို့ သိရပါတယ်။

ပန့်ဆိုင်တွေ အရောင်းရပ်နားထား​ကြပေမယ့် အင်းတော်ဘက် သွားဝယ်ရင် တပီပါ ၁၄ သိန်းကျော်လောက်နဲ့ ရတယ်လို့ စက်သုံးဆီဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

နောက်ထပ် စက်သုံးဆီဆိုင်ပိုင်ရှင်တယောက်ကလည်း ဧရာဝတီမြစ်အရှေ့ဘက် ကျွန်းတွေဘက်ကဆိုရင် ဆီတပီပါကို ၁၅ သိန်းဆိုရင်လည်း ရသလောက်ယူမယ်ဆိုပြီး မှာယူမှုရှိနေတယ်လို့လည်း ဆိုပါတယ်။

ခွက်ချိန် လမ်းဘေးဆိုင်တွေ ပိတ်ထားကြသလို ရောင်းနေတဲ့ဆိုင်တွေကလည်း ၁ လီတာ ၈,၀၀၀ ကျပ်နဲ့ရောင်းနေကြပြီး ဆိုင်တချို့မှာ ၁ ဂါလံ ၄ သောင်းလောက်နဲ့ ရောင်းနေတဲ့သူတွေလည်း ရှိနေပြီလို့ သိရပါတယ်။

စက်သုံးဆီဆိုင်တချို့ရဲ့ ဆီသယ်ယာဉ်တွေလည်း လမ်းမှာ ဖမ်းခံရတာ၊ လမ်းကြောမှာ ပိတ်မိနေတာ ရက် ၂၀ နီးပါးရှိနေတာမျိုးကြောင့် စက်သုံးဆီ ဝင်ရောက်လာမှု ရပ်တန့်နေတာမျိုးလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကသာမြို့က လွန်ခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းပိုင်းထိ မီးဖြတ်ထားတဲ့မြို့နယ်ထဲမှာ ပါဝင်ခဲ့ပြီး စက်သုံးဆီအဓိကထားနေရတဲ့အခြေအနေကနေ မီးပြန်ပေးတာ ရက်ပိုင်းရှိလာပြီမို့ မြို့သူမြို့သားတွေ အမှတ်တမဲ့ ဖြစ်သွားချိန် အဝေးကနေ အများအပြားဝယ်တာနဲ့ ဆီအဝင်ရပ်တန့်နေတာ တိုက်ဆိုင်ပြီး စက်သုံးဆီကို ဇူလိုင် ၁၄ ရက်မနက်ပိုင်းမှာမှ အလုအယက်ဝယ်ယူသလို ဖြစ်သွားတဲ့ အနေအထားကြောင့် စက်သုံးဆီဆိုင်တွေ အရောင်းရပ်နားရတာဖြစ်တယ်လို့လည်း မြို့ခံတွေက တဆင့်သိရပါတယ်။

လတ်တလောမှာတော့ မန္တလေး-ရွှေဘို လမ်းပိုင်းကို ဇူလိုင် ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲကနေ စတင်ပိတ်ထားပြီး မတ္တရာလမ်းပိုင်းဘက်ကလည်း အပိတ်ခံထားရတာကြောင့် စက်သုံးဆီ ဝင်ရောက်ဖို့ အလားအလာ နည်းနေသေးတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းမှာတော့ တတိုင်းလုံးက မြို့ရွာဒေသအသီးသီးမှာ စက်သုံးဆီဈေး မြင့်တက်နေသလို ဆီလိုအပ်သလောက် ဝယ်မရတဲ့အတွက် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဟင်္သာတမြို့ပေါ်မှာ ဒီနေ့ ဇူလိုင် ၁၄ ရက်မှာ 92 တလီတာကို ငွေကျပ် ၃၂၀၀ နဲ့ 95 တလီတာ ၃၉၀၀ အထိ ပေးဝယ်နေရပြီး နေ့စဉ် စက်သုံးဆီကို လိုသလောက်ဘူးလို့ ဟင်္သာတမြို့နယ်က ဆိုင်ကယ် ကယ်ရီ မောင်းနေသူတယောက်က ပြောပါတယ်။

“စက်သုံးဆီဈေးတက်နေတော့ ဆိုင်ကယ်ဆွဲရတာလည်း အရင်လို အဆင်မပြေတော့ဘူး။ အကျဘက်မရှိဘူး အတက်ပဲရှိနေတာ။ အရင်က ၁၀၀၀ နဲ့ ပို့လို့ရတဲ့ ခရီးက ၃၅၀၀ လောက်ယူမှ အဆင်ပြေတော့ မဖြစ်မနေလောက်မှပဲ ဆိုင်ကယ်ငှားစီးကြတော့တယ်။ ဆီဈေးစတက် ကတည်းက ဆိုင်ကယ်တွေလည်း အတော့်ကို အဆွဲပါးသွားတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်ကယ်ရီ စီးနင်းသူနည်းပါးလာတဲ့အတွက် ကယ်ရီသမားတွေကို မှီခိုနေရတဲ့ မိသားစုဝင်တွေလည်း စားဝတ်နေရေး ခက်ခဲလာနေတယ်လို့ ဆိုပါတယ်။

ကယ်ရီသမားတယောက်က “အခုဆို တရက်ကို လေး၊ ငါးထောင်ရဖို့တောင် မလွယ်တော့ဘူး။ မိသားစု စားဝတ်နေရေးက ရှိသေးတော့ မိုးရွာရွာ၊ နေပူပူ စောင့်ပြီးဆွဲနေရတယ်။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သွားရင်းလာရင်းလမ်းမှာ အဖမ်းခံရမှာလည်း ကြောက်နေရသေးတယ်။ ပိုက်ဆံမရတဲ့နေ့တွေလည်း ရှိလာတယ်။ မရတဲ့နေ့ဆို မိသားစုစားဝတ်နေရေးအတွက် အတော်ကို အကျပ်ဆိုက်တယ်။ သက်ဆိုင်ရာ ဆီဈေးနှုန်း ဘယ်လောက်ပဲရောင်း ဘယ်လောက်ပဲ ပေါက်နေပါတယ် ဆိုပေမယ့် မြေပြင်မှာက တလီတာကို ငွေကျပ် ၃၀၀၀ ရဲ့အထက်မှာ ရှိနေတာ  တလကျော်နေပြီ” လို့ ပြောပါတယ်။

ဟင်္သာတမြို့ပေါ်မှာ မြို့မဈေးကြီးအနီးတဝိုက်နဲ့ အဓိကကျတဲ့ လမ်းဆုံတွေမှာ ဆိုင်ကယ် ကယ်ရီဆွဲသူဦးရေ ၄၀၀ လောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013