DVB Logo
Home
အားကစား
စပိန်ဗိုလ်စွဲမည်ဟု လူဝံကြီး ခန့်မှန်း၊ ယူရိုပြိုင်ပွဲ နောက်ဆုံးရသတင်းများ
DVB
·
July 12, 2024
စပိန်ဗိုလ်စွဲမည်ဟု လူဝံကြီး ခန့်မှန်း၊ ယူရိုပြိုင်ပွဲ နောက်ဆုံးရသတင်းများ
Donate to DVB

ယူရိုဗိုလ်လုပွဲတွင် စပိန်ဗိုလ်စွဲမည်ဟု လူဝံကြီး ခန့်မှန်း

ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ  စပိန်အသင်းက အင်္ဂလန်အသင်းကို အနိုင်ရဗိုလ်စွဲမယ်လို့ ဒေါ့မွန်မြို့က လူဝံကြီးက ခန့်မှန်းပေးလိုက်ပါတယ်။

ယူရိုပြိုင်ပွဲ အစကတည်းက အနိုင်ရမယ့်အသင်းတွေကို  ခန့်မှန်းပေးခဲ့တဲ့ လူဝံကြီး ဝေါ်လ်တာဟာ စပိန်အသင်း ဗိုလ်စွဲမယ်လို့ ရွေးချယ်ပေးခဲ့တာပါ။

ဝေါလ်တာရဲ့ ပြိုင်ပွဲတလျှောက် ခန့်မှန်းမှုတွေက အများစုမှန်ခဲ့ပြီး နယ်သာလန်နဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာတော့ ခန့်မှန်းချက် မှားခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ဟာ ဇူလိုင် ၁၄ ရက်မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

စပိန်ကို အနိုင်ရမည့် နည်းဗျူဟာရှိကြောင်း ဆောက်ဂိတ် ကြုံးဝါး

ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အသင်းရဲ့ နည်းဗျူဟာက စပိန်အသင်းကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ဆောက်ဂိတ်က ပြောဆိုခဲ့တာပါ။

စပိန်အသင်းဟာ ယူရိုပြိုင်ပွဲတလျှောက် ခြေစွမ်းပြနေတာကြောင့် ဗိုလ်စွဲမယ်လို့ ရေပန်းစားနေပေမဲ့ အင်္ဂလန်အသင်းက ယူရိုပြိုင်ပွဲမှာ ပထမဆုံး ဗိုလ်စွဲနိုင်အောင် ကြိုးစားဖို့ ဆောက်ဂိတ်က ရည်ရွယ်ထားပါတယ်။

စပိန်အသင်းဟာ ရှုံးထွက်အဆင့်ကစပြီး အင်္ဂလန်အသင်းကစားရတဲ့ရက်ထက် စောပြီး အရင်ကစားခဲ့ရလို့ ဗိုလ်လုပွဲမကန်ခင်မှာ နားချိန်ပိုရနေပါတယ်။

ဒါပေမဲ့ အင်္ဂလန်ကစားသမားတွေ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်ပြီး စပိန်ကို နည်းဗျူဟာအရ အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ဆောက်ဂိတ်က ဆိုပါတယ်။

အင်္ဂလန်အသင်းဟာ နယ်သာလန်ကို အနိုင်ရခဲ့တာကြောင့် အင်္ဂလန်မဟုတ်တဲ့မြေမှာ ပထမဆုံး ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။

စပိန်လူငယ် ယာမဲလ်၏ ခြေစွမ်းကို အသင်ဖော် ဗီဗီယန် ချီးကျူး

စပိန်လူငယ်ကစားသမား ယာမဲလ်ဟာ ငယ်ရွယ်သူဖြစ်ပေမဲ့ တည်ငြိမ်တဲ့ကစားသမား တဦးလို့ နောက်ခံလူ ဒါနီရယ်ဗီဗီယန်က ချီးကျူးခဲ့ပါတယ်။

ယာမဲလ်ရဲ့ တည်ငြိမ်တဲ့ ကစားပုံနဲ့ ခြေစွမ်းပြနေမှုက အသက်အရွယ်နဲ့တောင် မလိုက်ဖက်ဘူးလို့ ဗီဗီယန်က ချီးကျူးခဲ့တာပါ။

ယာမဲလ်ဟာ ယူရိုပြိုင်ပွဲစကတည်းက စပိန်အသင်းမှာ အဓိက ကစားသမားတဦးအဖြစ် ခြေစွမ်းပြနေပြီး ဂိုးပံ့ပိုးမှု ၃ ကြိမ် ပြုလုပ်ထားကာ ၁ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ယာမဲလ်ရဲ့ ချေပဂိုးက စပိန်အသင်း အနိုင်ရဖို့ အဓိကကျခဲ့ပါတယ်။

ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံး ကစားသမား၊ အသက်အငယ်ဆုံး ဂိုးသွင်းယူအဖြစ် စံချိန်သစ်တွေတင်ထားတဲ့ ယာမဲလ်ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ရမယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

ယာမဲလ်ဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာမယ့် အလားအလာရှိတဲ့ လူငယ်ဖြစ်တယ်လို့ အများစုက ထင်ကြေးပေးနေကြပါတယ်။

ဆောက်ဂိတ်နှင့် ရုပ်ချင်းဆင်သည့် ရဲ ၁ ဦးအား အင်္ဂလန်ပရိသတ်များ နောက်ပြောင်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့တူတဲ့ ရဲတယောက်ကို အင်္ဂလန်ပရိသတ်တွေက ဂျာမနီမှာ ရှာတွေ့ခဲ့ပြီး ဂုဏ်ပြုသီချင်း သီဆိုခဲ့ကြပါတယ်။

နယ်သာလန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ယူရိုဆီမီးဖိုင်နယ်မကစားမီ တာဝန်ကျတဲ့ ရဲတယောက်ဟာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ ရုပ်ချင်းဆင်တူတာကြောင့် ဟာသဉာဏ်ရွှင်တဲ့ အင်္ဂလန်ပရိသတ်တွေက နောင်ပြောင်ပြီး ဂုဏ်ပြုသီချင်း သီဆိုခဲ့တာပါ။

Atomic Kitten အဖွဲ့ရဲ့ Football’s Coming Home Again သီချင်းမှာ နည်းပြ ဆောက်ဂိတ်ရဲ့ နာမည်ကို ထည့်သွင်းရေးစပ်ထားလို့ အဲဒီစာသားကို အင်္ဂလန်ပရိသတ်တွေက ရဲကို ဝိုင်းပြီး သီဆိုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ပရိသတ်တွေရဲ့ အပြုအမူက မမျှော်လင့်တဲ့ အပြုအမူဖြစ်လို့ အဲဒီရဲဟာ ခေါင်းလေးလှုပ်ပြီး ပြုံးနေခဲ့တာ တွေ့ရပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013