DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၁၅၀ ထက်မနည်း ရွှေ့ပြောင်းခဲ့ရ
DVB
·
July 12, 2024
ဧရာဝတီတိုင်းတွင် မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၁၅၀ ထက်မနည်း ရွှေ့ပြောင်းခဲ့ရ
1 / 3
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုဖြစ်ပွားလို့ လူနေအိမ်အလုံး ၁၅၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီကနေ ဇွန် ၃၀ ရက်အထိ ၆ လအတွင်း မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှု ဖြစ်ပွားလို့ မအူပင်၊ ဟင်္သာတ၊ ပန်းတနော်၊ မြန်အောင်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ လပွတ္တာ၊ ဘိုကလေး စတဲ့မြို့နယ်တွေက လူနေအိမ်အလုံး ၁၅၀ ထက်မနည်းကို ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအခြေပြု သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေတဲ့အဖွဲ့က တာဝန်ရှိသူ တယောက်က “အိမ်တွေကို ကြိုတင်ဖျက်မပြောင်းရင် ဘေးအန္တရာယ်ရှိလို့ ပြောင်းခဲ့ရတဲ့ အိမ်တွေချည်းပါ။ ဟင်္သာတမြို့နယ်နဲ့ မအူပင်မြို့နယ်ဘက်မှာ မြစ်ရေတိုက်စားလို့ ကမ်းပြိုကျမှုတွေ အဖြစ်များခဲ့တယ်။ အိမ်ပြောင်းရတာလည်း အဲဒီဘက်တွေက များတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကာကွယ်ကူညီရေးလုပ်ငန်းတွေလုပ်တာ အရမ်းအားနည်းတယ်” လို့ ပြောပါတယ်။

အဲဒီ မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ မိသားစုတွေရဲ့ နေအိမ်တွေ၊ ပြောင်းရွှေ့ရသူတွေ ပိုင်ဆိုင်တဲ့ မြေကွက်လပ်တွေ၊ လူနေအိမ်တွေကို ဖျက်ပြီး မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

မအူပင်မြို့နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “မအူပင်မြို့နယ်ဘက်မှာ ဖေဖော်ဝါရီလ ပထမအပတ်က ရုတ်တရက် ကမ်းပါးပြိုကျလို့ တနေ့တည်း အိမ် ၈ လုံး အရေးပေါ် ဖျက်ရွှေ့ခဲ့ရတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စာရင်းလာယူသွားတယ်၊ ဒါပေမဲ့ ဒီနေ့အထိ ဘာအကူအညီမှ တချက်လေးတောင် မရဘူး” လို့ ပြောပါတယ်။

အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၁၅၀ ထက်မနည်းက လူဦးရေ ၂၀၀ ကျော်အထိ သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကမ်းပါးပြိုကျမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနတွေက စနစ်တကျ ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းတွေ အချိန်မီမလုပ်ရင် ကမ်းပြိုကျမှုတွေ အခုထက် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013