DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင်ပျောက်ဆုံးနေသည့် ရုရှားမောင်နှမကို ရှာမတွေ့သေး၊ သံသယရှိသူ ၂ ဦးကို ဖမ်းဝရမ်းထုတ် 
DVB
·
July 31, 2026
Photo: Matichon
Photo: Matichon
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ပတ္တယားကမ်းခြေမြို့မှာ ဇူလိုင် ၂၆ ရက် မနက်စောစောက ရုရှားနိုင်ငံသား မောင်နှမ ၂ ယောက် ဆိုင်ကယ်တစီးနဲ့အတူ ပျောက်ဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၂၂ နှစ်အရွယ် MISS DIANA NAZIMOVA နဲ့ ၁၇ နှစ်အရွယ် MR. ROMAN NAZIMOVA  မောင်နှမဟာ ဇူလိုင် ၂၆ ရက် မနက်က အနက်ရောင် ADV 150 ဟွန်ဒါဆိုင်ကယ်တစီးနဲ့ တည်းခိုတဲ့အိမ်ကနေ ထွက်ခွာသွားပြီး အချိန် ၈ နာရီကြာအထိ ပြန်မရောက်လာသလို ဖုန်းအဆက်အသွယ်လည်း မရတော့တာကြောင့် ဆွေမျိုးဖြစ်သူက ရဲစခန်းမှာ သွားရောက် တိုင်တန်းထားတာပါ။

ရဲတွေက စီစီတီဗီကင်မရာကနေ လိုက်လံကြည့်ရှုစစ်ဆေးတာမှာ အဲဒီနေ့ မနက် ၄ နာရီ အိမ်က ထွက်ခွာတယ်၊ လုံခြုံရေးအစောင့်ကိုတောင် လှမ်းနှုတ်ဆက်လိုက်သေးတယ်၊ ပြီးတော့ ဆတ်တဟိပ်နဲ့ ချချိန်းဆောင်းသွား အမှတ် ၃၃၁ လမ်းမကြီးဘက် မောင်းထွက်သွားတယ်၊ ချီကျန်းတောင်ခြေ ဆီရီစလွန်းဝမ်း အမျိုးသားဥယျာဉ်နား‌ရောက်တော့ မျက်ခြည်ပြတ်သွားပါတယ်။

တာဝန်ရှိသူတွေက စုံစမ်းရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်တာမှာ ဇူလိုင် ၂၉ ရက်က ဘန်လမွန်းမြို့ ဟွေ့ယိုင်အုပ်စု နယ်မြေ ၉ ထဲက သင်္ချိုင်းကုန်းနားမှာ လူ ၂ ယောက်က တစုံတရာကို တူးဆွမြှုပ်နှံခဲ့ကြောင်း သတင်းရတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက သွားရောက် တူးဆွကြည့်ခဲ့ပါတယ်။

အဲဒီနေရာမှာ ဆိုင်ကယ်တစီးကို တစစီဖျက်ဆီးပြီး မြှုပ်နှံထားတာ တွေ့ရတယ်၊ စစ်ဆေးချက်အရ အဆိုပါဆိုင်ကယ်ဟာ ရုရှားမောင်နှမ စီးသွားတဲ့ ADV 150 ဟွန်ဒါဆိုင်ကယ် ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေပါတဲ့ အင်အား ၂၀၀ ကျော်ဟာ သင်္ချိုင်းတဝိုက်၊ ရေကန်ကြီးတဝိုက်နဲ့ ခြုံတောတွေမှာ ဒရုန်းတွေ၊ အနံ့ခံခွေးတွေပါ အသုံးပြုပြီး ရှာဖွေရေးတွေ လုပ်ဆောင်နေပြီး ရှာဖွေရေးဧရိယာအကျယ်အဝန်း  ဧက ၅၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မောင်နှမ ၂ ယောက်ရဲ့ အရိပ်အယောင်တော့ မတွေ့သေးဘူး၊ ဆိုင်ကယ်လာမြှုပ်သွားသူ ၂ ယောက်ကတော့ နိုင်းထနား ခေါ်  နိုင်းပေါင် (အသက် ၄၃ နှစ်) နဲ့ နိုင်းထုန်းချိုင်း ခေါ် ထုန်း (၃၉ နှစ်) တို့ဖြစ်ပြီး လက်ရှိ ထွက်ပြေးလွတ်မြောက်နေပါတယ်။

ရဲတပ်ဖွဲ့က သူတို့ ၂ ယောက်ဟာ သံသယအရှိဆုံး တရားခံအဖြစ် ပစ်မှတ်ထားပြီး ချွန်းပူးရီးခရိုင် တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ ကမ္ဘောဒီးယားနယ်စပ်ဘက် ထွက်ပြေးသွားတယ်လို့လည်း ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဒါ့အပြင် တရားခံ ၂ ယောက်ကို ဆိုင်ကယ်ပေါ်တင်ပြီး ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးမှုနဲ့ နောက်ထပ် နိုင်းဟွေနဲ့ နိုင်းဖန် ဆိုတဲ့ ထိုင်းရွာသား ၂ ယောက်ကိုလည်း သွားရောက်ဖမ်းဆီး စစ်ဆေးခဲ့တယ်၊ သူတို့ကတော့ ရုရှားကလေး ၂ ယောက်ကိုလည်း မသိဘူး၊ နိုင်းပေါင်နဲ့ နိုင်းထုန်းနဲ့လည်း မပတ်သက်ဘူး ဆိုပြီး စွဲဆိုချက်တိုင်းကို ငြင်းဆန်ပါတယ်။

ရဲတပ်ဖွဲ့က လောလောဆယ် သူတို့ ၂ ယောက်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ သံသယရှိသူစာရင်းက နေတော့ ပယ်ဖျက်ခြင်း မရှိသေးပါဘူး။

ရုရှားမောင်နှမ ပျောက်ဆုံးသွားတာကြောင့် ရုရှားမှာရှိတဲ့ မိဘတွေကလည်း အလွန်စိတ်ပူနေကြတယ်၊ ထိုင်းက ဆွေမျိုးတွေလည်း ဆိုင်ကယ်မြှုပ်ထားတဲ့နေရာကို သွား‌ရောက်ပြီး သက်ဆိုင်ရာ တောတောင်စောင့်နတ်တွေ ကူညီရှာဖွေလမ်းဖွင့်ပေးဖို့ ရုရှားဓလေ့ထုံးစံနဲ့အညီ ပသဆုတောင်းတာတွေ လုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: Matichon / CH8 TV News / Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013