DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၃၅၀ ကျော်ရှိလာ၊   ဓာတ်ဆားနှင့် ဆေးဝါးအချို့ ဈေးတက်
DVB
·
July 11, 2024
ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၃၅၀ ကျော်ရှိလာ၊   ဓာတ်ဆားနှင့် ဆေးဝါးအချို့ ဈေးတက်
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ ဇူလိုင် ၅ ရက်ကစလို့ ၁၀ ရက်အထိ ၅ ရက်တာအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက်ကုသခဲ့ရတဲ့လူနာ အယောက် ၃၅၀ ကျော် ရှိနေပြီး အဲဒီထဲက အယောက် ၂၀၀ ကျော်ကတော့ ဆေးရုံ ဆင်းသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက် ကုသရသူ လူနာသစ် ၁၁၅ ယောက် ရှိခဲ့ပြီး၊ အဲဒီထဲက ၂၂ ယောက်ဟာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား နေသူတွေပါ။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးဝါးဝယ်ယူမှု မြင့်တက်လာသလို၊ ဓာတ်ဆား အပါအဝင် ဆေးဝါးတချို့ ဈေးတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သာကေတဒေသခံ  မငြိမ်းငြိမ်းက “အခုက တော်တော်များများက ဝမ်းတွေ သွားနေကြတယ်။ အခု ဆေးပြတ်သွားတဲ့ အနေအထားတော့ မတွေ့သေးဘူး။ ဒါပေမဲ့ ဆေးဆိုင်မှာ လူတွေကတော့ အများကြီးပဲ။ အခု ၁၀ ယောက်မှာ ၇ ယောက်လောက်က လာဝယ်ကြတာ ဓာတ်ဆားတွေ၊ ကလေးနဲ့ ပတ်သက်တဲ့ ဝမ်းဆေးတွေ၊ လူကြီးနဲ့ ပတ်သက်တဲ့ ဝမ်းဆေးတွေ၊ ကျမ အခုလေးတင် ရွှေအိုးက ပြန်လာတာ။ ဆေးဆိုင်မှာလည်း တွေ့ရတာက သက်ကြီးပိုင်းတွေ ဆေးလာဝယ်တာ၊ ကလေးအမေတွေ ဆေးလာဝယ်တာ တွေ့ရတယ်။ အခုက လူတိုင်းလိုလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

လက်ရှိ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေတဲ့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ထူပါရုံ (၁) ရပ်ကွက်မှာ လူမှုကူညီရေးအသင်းတွေက ပိုးတွေ့ လူနာနေအိမ်တွေကို ပိုးသတ်ဆေး ဖြန်းတာ၊ ဈေးတွေ၊ ရပ်ကွက်တွေမှာ လိုက်လံ အသိပေးဆော်သြတာတွေ လုပ်ဆောင်နေပါတယ်။

ရန်ကုန်မှာ ဆေးဝါးတွေ ဝယ်ယူရ မခက်ခဲပေမဲ့ ဓာတ်ဆားတထုပ်ကို ကျပ် ၂၅၀၀ လောက်အထိ ဈေးတက်သွားတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတဦးက “ဆေးတွေ ဝယ်တာတော့ အလွယ်တကူ ဝယ်လို့ရတယ်။ ဈေးက ကျတော့ ဒီကိစ္စကြောင့် ဈေးတက်တယ်လို့ ပြောလို့ရသလို နဂိုကတည်းကလည်း ကုန်ဈေးနှုန်း တက်နေတယ်။ ဈေးနှုန်းက နဂိုတည်းက အပြောင်းအလဲ ဖြစ်နေတာဆိုတော့ ဈေးနည်းနည်း ကြီးသွားတာလောက်ပဲ ရှိတယ်။ ဝယ်တာတော့ ဝယ်လို့ရတယ်။ ပြီးတော့ ဒီရောဂါအတွက် ဓာတ်ဆားနဲ့ ဝမ်းပိတ်ဆေးလောက်ပဲ ဆိုတော့ ဆေးဝယ်တဲ့အပိုင်းမှာတော့ ပြဿနာ မရှိဘူး။ အခု အစားနည်းနည်း ဆင်ခြင်လာကြတယ်။ ဥပမာ- လက်သုတ်စာတွေ မစားတာပေါ့။ အရမ်းကြီး စိုးရိမ်နေတာတော့ မရှိကြဘူး”လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဝမ်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျအောင် သောက်သုံးရေ၊ အစားအစာနဲ့ လက်သန့်ရှင်းရေး၊ တကိုယ်ရည်သန့်ရှင်းတို့ ဂရုစိုက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ တယ်လီကျန်းမာ (အခမဲ့ အွန်လိုင်းဆေးခန်း)မှ ဆရာဝန် ဒေါက်တာ ဆုတောင်းပြည့်က ပြောပါတယ်။

“ရေသန့်အောင် လုပ်မယ်။ ရေသန့်ဆေး မလွယ်ဘူးဆိုရင် ရေကို ကျိုချက်ပြီး သောက်တာမျိုး လုပ်မယ်။ နောက်တခုက အိမ်သာ၊ ယင်လုံအိမ်သာ သုံးစွဲရမယ်။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောရမယ်။ လက်သန့်ရမယ်။ ပြီးတော့ တကိုယ်ရည် သန့်ရှင်းတာနဲ့ အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း ကျက်အောင် ချက်ပြုတ် စားသောက်မယ်။ ဒီဟာမျိုးတွေကို ကိုယ့်ဘက်က လုပ်လို့ရတာကို ဦးစားပေးပြီး လိုက်နာ ဆောင်ရွက်မယ်။ ဝမ်းပျက်ပြီဆိုရင် သာမန်လောက်ပဲ ဝမ်းပျက်တာတော့ စိုးရိမ်စရာ မရှိဘူး။ အရမ်းကြီး ရေဓာတ် ခမ်းခြောက်ရင် ဆေးရုံတက်တာ၊ ပုလင်းချိတ်တာ လုပ်နိုင်တယ်။ ပုံမှန် ရေဓာတ် ခမ်းခြောက်တာဆိုရင် BPI ဓာတ်ဆားကို သောက်သုံးပြီးတော့ ဒါတွေကို ကာကွယ် ကုသလို့ရပါတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးဌာနကတော့ မြို့နယ် ရပ်ကွက်တွေတွင်းက နေအိမ်တွေမှာ သောက်သုံးရေတွေ ကလိုရင်းအမှုန့် ခပ်ဖို့၊ ကျန်းမာရေးဝန်ထမ်း အားနည်းတာကြောင့် ရပ်ကွက်အုပ်ရေးပိုင်းနဲ့ လူမှုရေးအသင်းတွေက ကူညီပေးဖို့နဲ့ လမ်းဘေးဆိုင်တွေ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

ဇူလိုင် ၅ ရက်စလို့ ရန်ကုန်တိုင်း သာကေတမြို့နယ်အပါအဝင် ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ရန်ကင်း၊ မြောက်ဥက္ကလာ၊ ဗိုလ်တစ်ထောင်မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်း‌လျှော ရောဂါ ကူးစက် ခံရသူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါပုံမြို့နယ်မှာတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီး သာကေတမြို့နယ်တွင်းမှာလည်း ရောဂါကူးစက်မှု အနည်းငယ် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ကာလဝမ်းရောဂါဖြစ်သူ စတင်တွေ့ရှိခဲ့တဲ့ သာကေတမြို့နယ်မှာတော့ ဇူလိုင်လ ၁၁ ရက်အထိ လမ်းဘေးဆိုင်နဲ့ စားသောက်ဆိုင်တွေ ပိတ်ထားဆဲဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ မရှိသေးဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013