DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်က ရဟန်းသံဃာတော်များ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်
DVB
·
July 11, 2024
ပေါက်မြို့နယ်က ရဟန်းသံဃာတော်များ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်
1 / 5
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ရဟန်းသံဃာတော်တွေဟာ ဇူလိုင် ၁၀ ရက်မှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပြီး ချီတက် ဆန္ဒဖော်ထုတ်ကြပါတယ်။

ကံဆောင်ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဟန်းတော်တပါးက “တိုင်းပြည်အာဏာကို အတင်းအဓမ္မ သိမ်းယူပြီး တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်တပ်ကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး စစ်တပ်အလိုမရှိကြောင်း၊ စစ်ကောင်စီကို အလိုမရှိကြောင်း သံဃာတော်တွေ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်” လို့ DVB ကို မိန့်ပါတယ်။

ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပြီး ချီတက်ဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံပြည်သူတွေကလည်း ဝန်းရံပေးခဲ့ကြပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်က နေရာမှာတင် ပျံလွန်တော်မူခဲ့ရပြီး နောက်ပိုင်း ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်နေကြတာ ဖြစ်ပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “သပိတ်မှောက်ကံဆောင်ပြီး ချီတက်ဆန္ဒထုတ်ဖော်ကြတဲ့ သံဃာတော်တွေကို ပြည်သူတွေကလည်း ဝန်းရံပေးခဲ့ကြလို့ အင်အား ၃၀၀ နီးပါးလောက်အတွက် ကျနော်တို့ ရဲဘော်တွေက လုံခြုံရေးတာဝန်ယူပေးခဲ့ကြပါတယ်။ ဆရာတော်တွေရဲ့ သပိတ်မှောက် ကံဆောင်ပွဲနဲ့ ချီတက်ဆန္ဒထုတ်ဖော်ပွဲက ဘာအခက်အခဲမှမရှိဘဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ပေါက်မြို့နယ်က ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပြီး ဒေသခံပြည်သူတွေက ဝန်းရံကာ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်က ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်မှု စတင်ခဲ့တာပါ။

ဒီနောက် ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ ပခုက္ကူ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထားဝယ်၊ ပေါက်၊ ရေဦး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ကနီ၊ သရက်ချောင်း၊ မန္တလေးမြို့နယ်တွေက ရဟန်းသံဃာတော်တွေလည်းပူးပေါင်း ပါဝင်လာကြတဲ့အတွက်  စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်တဲ့ မြို့နယ်ပေါင်း ၂၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013