DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆန်ဈေး ထပ်မံမြင့်တက်လာသဖြင့် အခြေခံလူတန်းစားများ အခက်တွေ့
DVB
·
July 9, 2024
ဧရာဝတီတိုင်းတွင် ဆန်ဈေး ထပ်မံမြင့်တက်လာသဖြင့် အခြေခံလူတန်းစားများ အခက်တွေ့
Donate to DVB

ဆန်နဲ့ စပါး လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ပေမဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းအတွင်း ဆန်ဈေး ထပ်မံဈေးထိုးတက်လာတာကြောင့် အခြေခံလူတန်းစားတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းအတွင်း ဆန်ဈေး သိသိသာသာ မြင့်တက်လာပြီး ပြီးခဲ့တဲ့ ဇွန်လက ပေါ်ဆန်းဆန်တအိတ်ကို ကျပ် ၁၀၅,၀၀၀၊ ဆန်ကြမ်းတအိတ်ကို ကျပ် ၈၉,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ ဇူလိုင်လမှာ ပေါ်ဆန်းဆန်တအိတ်ကို ၁၃၅,၀၀၀ နဲ့ ဆန်ကြမ်းတအိတ်ကို ‌ကျပ် ၁၀၂,၀၀၀ ကနေ ၁၁၅,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်က ဒေသခံ အမျိုးသမီးတယောက်က “ပြီးခဲ့တဲ့လကထက် ဆန်ဈေး အချောဆို ၃၀,၀၀၀ ကျော်ကျော်လောက် ထပ်တက်လာသလို အကြမ်းဆိုလည်း ၂၅,၀၀၀ ကျော်အထိ ထပ်တက်လာတယ်။ ဆန်ဈေးတက်လာတာ ထိန်းချုပ်ဖို့နဲ့ ပတ်သက်လို့ ဖမ်းတာပဲရှိတယ်။ မြေပြင်မှာတော့ အလုပ်မဖြစ်ဘူး။ အခြေခံလူတန်းစားတွေ ငတ်ပြီးရင်း ငတ်နေပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ဆန်ထွက်ရှိတဲ့ ဒေသဖြစ်ကာ စစ်တပ်အာဏာသိမ်းခဲ့တာကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာတာ၊ စပါးသီးနှံတွေ အောင်မြင်ဖြစ်ထွန်းစေဖို့ သုံးနေကျ စိုက်ပျိုးရေးသုံးဆေးဝါးတွေ ဈေးအဆမတန် တက်လာတဲ့အတွက် အပြည့်အဝ မသုံးနိုင်တဲ့ အခက်အခဲတွေကြောင့် စပါးအထွက် လျော့ကျကာ ဆန်ဈေး မြင့်တက်နေရခြင်းဖြစ်တယ်လို့ ဆန်နဲ့ စပါး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက ဆန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “ဆန်ဈေးကို လူဖမ်းပြီး အခုလိုထိန်းချုပ်လို့ မရပါဘူး။ ဆန်ပြတ်လပ်တဲ့အထိပါ ဖြစ်ပေါ်လာလိမ့်မယ်။ ပြည်တွင်း ဆန်စပါး စိုက်ပျိုးမှုတွေ လျော့ကျလာတယ်၊ ဒါ့ကြောင့် အခုလို ဆန်ဈေးထိုးတက်လာခြင်း ဖြစ်တယ်။ ဥပဒေနဲ့အညီ လုပ်တာလည်း မရှိဘူး။ ငွေပေးရင် ပြန်လွတ်တာလေ။ စပါးတင်းရေ ၅,၀၀၀ အထက် သိုလှောင်ထားတဲ့ ဆန်စပါးရောင်းဝယ်တဲ့သူတွေ အများချည်းပဲ။ အခုစစ်ဆေးခံရသူတွေက စစ်ကောင်စီကို ငွေမထိုးတဲ့သူတွေပါ။ ဆန်တို့ စပါးတို့ အရောင်းအဝယ်လုပ်ရတာလည်း စစ်တပ်အာဏာလုပြီးကတည်းက တရက်လေးမှ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခုလို ဆန်ဈေး၊ စပါးဈေးတွေ ထိုးတက်လာတာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အမြင့်ဆုံးဈေးဖြစ်ပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ ကျောင်းကုန်း၊ ဘိုကလေး၊ ဖျာပုံ စတဲ့ဒေသက ဆန်စပါးလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဖမ်းဆီး စစ်ဆေးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းထဲက ကျိုက်လတ်၊ မအူပင်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ ပန်းတနော်၊ ဓနုဖြူ စတဲ့ဒေသတွေက အခြေခံလူတန်းစားတွေ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန်ဈေးမြင့်တက်လာလို့ ပထမဆုံး ဆန်ကွဲစားရတဲ့အဖြစ်နဲ့ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013