DVB Logo
Home
အားကစား
အင်္ဂလန်ကို နယ်သာလန်နိုင်မည်ဟု လူဝံကြီးခန့်မှန်းအပါအဝင် ယူရို ၂၀၂၄ နောက်ဆုံးရသတင်းများ
DVB
·
July 8, 2024
အင်္ဂလန်ကို နယ်သာလန်နိုင်မည်ဟု လူဝံကြီးခန့်မှန်းအပါအဝင် ယူရို ၂၀၂၄ နောက်ဆုံးရသတင်းများ
Donate to DVB

အင်္ဂလန်ကို နယ်သာလန် အနိုင်ရမည်ဟု လူဝံကြီး ခန့်မှန်း

နယ်သာလန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နယ်သာလန် အနိုင်ရမယ်လို့ ဒေါ့မွန်တိရစ္ဆာန်ရုံရှိ လူဝံကြီး ဝေါလ်တာက ခန့်မှန်းလိုက်ပါတယ်။

ဝေါလ်တာဟာ ဂျာမနီ-စပိန် ပွဲမှာလည်း ဂျာမနီရှုံးမယ်လို့ ခန့်မှန်းပေးခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ တူရကီနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အင်္ဂလန်ကတော့ ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်လာတာဖြစ်ပါတယ်။

နယ်သာလန်နဲ့ အင်္ဂလန်အသင်းတို့ဟာ ယူရိုပြိုင်ပွဲမှာ ၁၉၉၆ ခုနှစ်က နောက်ဆုံး တွေ့ဆုံထားပြီး အင်္ဂလန်အသင်းက အနိုင်ရထားပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုဆီမီးဖိုင်နယ်ကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ဟု ဟယ်ရီကိန်းပြော

အင်္ဂလန်အသင်း ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ကြောင်း အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ကွာတာားဖိုင်နယ်မှာ ဦးဆောင်ဂိုး ပေးခဲ့ရပေမဲ့ ချေပဂိုး သွင်းနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက “ဆွစ်ဇာလန်နဲ့ပွဲမှာ ချေပဂိုးသွင်းနိုင်ခဲ့တဲ့အပေါ် ကစားသမားတွေကို ချီးကျူးပါတယ်။ ကျနော်တို့ လက်ရှိ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပါတယ်” လို့ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ၂ ကြိမ် ဆက်တိုက် ဗိုလ်လုပွဲတက်ဖို့ ပစ်မှတ်ထားနေပါတယ်။

အင်္ဂလန်အသင်းသားများ ဆီမီးဖိုင်နယ်အတွက် လေ့ကျင့်ခန်းဆင်း

ဆွစ်ဇာလန်ကို အနိုင်ရပြီးနောက် အင်္ဂလန်အသင်းဟာ ရေကူး၊ စက်ဘီးစီးနဲ့ gym လေ့ကျင့်ခန်းတွေ ပြန်လုပ်နေပါတယ်။

ဘယ်လင်ဂမ်၊ ဆာကာ၊ ဖိုဒန်တို့ဟာ ရေကူးနေတာ တွေ့ရပြီး တခြားကစားသမားတွေလည်း ဆီမီးဖိုင်နယ်အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေဟာ ဒဏ်ရာနဲ့ ပွဲပန်းမှုကနေ ပြန်လည်သက်သာစေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ခြေစွမ်းကို အထောက်အကူပြုဖွယ် ရှိပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ရေပန်းစားနေပြီး လက်ရှိအချိန်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်အသင်း၏ သတ္တိနှင့် စိတ်ဓာတ်ကို နည်းပြချီးကျူး

တူရကီနဲ့ ကစားခဲ့တဲ့ပွဲမှာ နယ်သာလန်အသင်းရဲ့ သတ္တိနဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့ကြောင်း နည်းပြ ကိုးမန်းက ပြောပါတယ်။

တူရကီနဲ့ပွဲမှာ နယ်သာလန်အသင်း ပထမပိုင်းမှာ အဖွင့်ဂိုး ပေးခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တူရကီနဲ့ပွဲမှာ နယ်သာလန်အသင်းရဲ့ နှလုံးရည်ကို ပြသခဲ့တာဖြစ်တယ်လို့ ကိုးမန်းက ချီးကျူးခဲ့ပါတယ်။

နယ်သာလန်အသင်း ယူရို ဆီမီးဖိုင်နယ်ကို တက်နိုင်တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ၁၉၈၈ ခုနှစ်က ဂျာမနီမြေမှာ ပြုလုပ်တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ကိုးမန်းက ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013