DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်တွေ့ဆုံ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ ဆွေးနွေး 
DVB
·
July 5, 2024
စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်တွေ့ဆုံ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ ဆွေးနွေး 
Donate to DVB

တာဝန်ပြီးဆုံးလို့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာတော့မယ့် တရုတ်သံအမတ်ကြီး ချန်ဟိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စတွေကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက  သတင်းထုတ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်ဟိုင်းတို့ဟာ ဇူလိုင် ၄ ရက် မနက်က  နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမမှာတွေ့ဆုံခဲ့တာပါ။

တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ အဆင့်မြင့်အရာရှိကြီးတွေ ချစ်ကြည်ရေးခရီး သွားရောက်မှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့်  ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ကျင်းပမယ်လို့ မကြာသေးခင်ကမှ ထပ်မံ ပြောဆိုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်သေးသလို အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲဟာလည်း လွတ်လပ်မျှတ တဲ့ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပြောကြပါတယ်။  

တမ္ပဒီပအင်စတီကျု မူဝါဒလေ့လာရေးအဖွဲ့  ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက  “တော်လှန်ရေးအင်အားစုတွေကို ၆၀ ရာခိုင်နှုန်းနီးပါး နယ်မြေသိမ်းပိုက်ထားတယ်။ တချို့မြို့နယ်တွေမှာလည်း မတည်မငြိမ်ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲလုပ်လို့ ရမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမဲရုံထောင်ရင်လည်း လူတွေက လာရဲမှာမဟုတ်ဘူး။ ဘယ်နှမြို့နယ်မှာ လုပ်နိုင်မှာလဲ။ လူတွေကို ဘယ်လိုစည်းရုံးပြီး မဲထည့်ခိုင်းမှာလဲ။ အဲဒီမှာကို အတော်အခက်ခဲရှိနေတယ်။ အသေအပျောက်တွေလည်း ရှိနိုင်တယ်”လို့ DVB ကို ပြောပါတယ်။

တရုတ်သံအမတ်ကြီးဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း နေပြည်တော်မှာ သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းဟာ ပြီးခဲ့တဲ့ ဧပြီလက  နေပြည်တော် ခြောက်လုံးတန်းမှာနေထိုင်တဲ့ မြန်မာအာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံခဲ့ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013