
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဒန္တသုခပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဒန္တသုခပင်ကို သိပ္ပံလို Scoparia dulcis လို့ခေါ်ပြီး licorice weed, sweet-scented broom, Sweet Broomweed လို့ ခေါ်ကြပါတယ်။ မြန်မာလို ဒန္တသုခပင်ကို နဂါးမှိုင်းဗျောက်ပင်လို့လည်း ခေါ်ကြပါတယ်။
ဒန္တသုခပင်မှာ Scoparic Acid, Scopadulcic acid, Scopadulciol, Scopadulin, Amellin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အဖျားကျစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဆီးရွှင်စေခြင်း၊ အာရုံကြောစနစ် ကျန်းမာရေးကို ကူညီပေးခြင်း၊ အနာကျက်ခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဒန္တသုခပင်ရဲ့ အရွက်၊ ပင်စဉ်၊ အမြစ်၊ အစေ့နဲ့တပင်လုံးကို သုံးစွဲကြပါတယ်။ ကျောက်ကပ်နဲ့ ဆီးအိမ်ကျောက်တည်ခြင်းအတွက် ဒန္တသုခပင်တပင်လုံး (အမြစ်အပါအဝင်)ကို ဆေးကြောပြီး လှီးဖြတ်ကာ ရေ ၁ လီတာမှာ လက်တဆုပ်စာထည့်ပြီး ၄ ပုံ ၁ ပုံ ကျန်အောင်အထိ ကျိုပြီးနောက် ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အစွမ်းထက် ဆီးသွားဆေးအဖြစ် လုပ်ဆောင်ပြီး ဆီးစီးဆင်းမှုကို မြှင့်တင်ပေးကာ အဆိပ်အတောက်များ၊ ကယ်လ်စီယမ် အောက်ဆာလိတ် ပုံဆောင်ခဲများနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို သက်သာစေပါတယ်။
ဒန္တသုခပင်မှာပါဝင်တဲ့ "Amellin" ဓာတ်ပေါင်းဟာ သွေးတွင်းဂလူးကို့စ်အဆင့်ကို လျှော့ချပေးခြင်း၊ အင်ဆူလင်အာရုံခံနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေခြင်းနဲ့ သွေးတွင်းသကြားဓာတ်နည်းခြင်းကို မဖြစ်စေဘဲ ဆီးချိုရောဂါနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်တွေ အပင် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးချိုရောဂါရှိသူတွေ ဒန္တသုခအစေ့မှုန့် ကော်ဖီဇွန်း ၁ ဇွန်းကို ညဘက်မှာ ရေတခွက်ထဲမှာ စိမ်ထားပြီး မနက်ပိုင်းမှာ ဒီရေကို သောက်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူပြုပြီး သွေးရည်ကြည်အတွင်း အဆီပမာဏကိုလည်း လျော့ကျစေပါတယ်။
ဒန္တသုခပင်ဟာ ချွဲပျော်စေတဲ့ အာနိသင်ရှိပြီး နာတာရှည်ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတို့ကိုအတွက် အရွက်နဲ့ပင်စည်ကို ရေနွေးကြမ်းအဖြစ် တနေ့ ၃-၄ ကြိမ် သောက်သုံးပေးခြင်းဖြင့် ချွဲကို ပျော်စေပြီး လည်ချောင်းယားယံခြင်းကို သက်သာစေကာ အသက်ရှူရလွယ်ကူစေပါတယ်။ ချောင်းဆိုးပျောက်ဆေးအဖြစ် လတ်လတ်ဆတ်ဆတ်အရွက်ကို ဂျင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ပြုတ်ပြီး တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဒန္တသုခပင်ဟာ အဖျားကျစေတဲ့အာနိသင်ရှိတာကြောင့် ဗိုင်းရပ်စ်ကြောင့် ကိုယ်ပူဖျားနာခြင်း ၊ခန္ဓာကိုယ်အပူများခြင်းအတွက် အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်ကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် အဖျားနဲ့ အပူလွန်ခြင်းကို လျှော့ချပေးပါတယ်။
ဒန္တသုခပင်မှာ ရောင်ရမ်းမှုဆန့်ကျင်ဂုဏ်သတ္တိတွေရှိပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အစာခြေလမ်းကြောင်းရောင်ရမ်းခြင်းတွေမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
မီးဖွားပြီး နို့တိုက်မိခင်အတွက် ဒန္တသုခစေ့မှုန့် ၂၅၀ ဂရမ်ကို ဂျုံမှုန့် ၁ ကီလိုဂရမ်ထည့်ပြီး ထောပတ်နဲ့ ကြော်ပြီးနောက် သကြားဆတူထည့်ပြီး နေ့စဉ် ကော်ဖီဇွန်း ၁-၂ စားသုံးပေးခြင်းဖြင့် နို့ထွက်နှုန်းကို မြှင့်တင်ပေးပါတယ်။
အမျိုးသမီးများ ဓမ္မတာသွေးအလွန်များခြင်းနဲ့ အဖြူဆင်းခြင်းအတွက် ဒန္တသုခပင်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို သကြားကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင် ပါတယ်။
ဒန္တသုခပင်ဟာ အဏုဇီဝပိုးမွှားကို တိုက်ဖျက်နိုင်ခြင်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်လို့ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး အရေပြားတစ်ရှူတွေ အနာကျက်ခြင်းကို မြှင့်တင်ပေးတဲ့ အာနိသင်ရှိတာကြောင့် ရွက်ကို ထုထောင်းပြီး အနှစ်ကို အနာများ၊ အပူလောင်ခြင်းနဲ့ အရေပြားပေါက်ပြဲခြင်းတွေမှာ လိမ်းပေးနိုင်ပါတယ်။
သွေးစုနာ/ပြည်တည်နာတွေမှာ ဒန္တသုခအရွက်ကို ထုထောင်းပြီး အုံပေးခြင်းနဲ့ ပြည်စုပ်ပြီး အနာသန့်စင်စေပါတယ်။ ထိခိုက်ရှနာတွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ဒန္တသုခပင် ပြုတ်ရည်ကျကျကို ငုံဆေးအဖြစ်အသုံးပြုခြင်းဖြင့် သွားဖုံးရောင်ရမ်းခြင်း၊ ရေစီးကမ်းပျိုဖြစ်ခြင်းတို့ကို သက်သာစေပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေ ပါတယ်။
ဒန္တသုခအရွက်ကို အရိပ်ထဲမှာ အခြောက်ခံပြီး အမှုန့်ပြုလုပ်ကာ ကော်ဖီ ၁ ဇွန်းကို ရေနွေးပူပူမှာ စိမ်ပြီး ရေနွေးကြမ်းအဖြစ် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အမျိုးသမီးတွေမှာ ဟော်မုန်းမညီမျှမှုကို ထိန်းညှိပေးပြီး သွေးဆုံးခြင်းလက္ခဏာတွေကို သက်သာစေခြင်း၊ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးခြင်း၊ အသည်းအတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဆီးချို သွေးတိုးနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ဟန့်တားပေးခြင်း ၊ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပးခြင်း၊ အဆစ်အမြစ် ရောင်ရမ်းခြင်းကို လျော့ချပေးခြင်း၊ အရေပြားကျန်းမာရေးကိုမြှင့်တင်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ဒန္တသုခပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲတာကြောင့် ဆီးသွားလွန်းပြီး အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒန္တသုခပင်မှာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ အာနိသင်ရှိတာကြောင့် ဆီးချိုကျစေတဲ့ ဓာတုဆေးဝါးတွေနဲ့ တွဲစပ် မသောက်သုံးသင့်ပါ။ ဒန္တသုခပင်နဲ့ ဓာတ်မတည့်သူတွေ ဒန္တသုခပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဥ်ပါ။
နွေဦးပြည်သူတွေ ဒန္တသုခပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










